Part 27 [ Unicode]

4.1K 297 35
                                    

'' မရဘူး ၊ မရဘူး ကိုကိုကြီး ဒီနေ့ အဲ့ကိစ္စမပြောမချင်း မပြန်ရဘူး ''

သျှင်းလက်ကိုဆွဲကာ အနှင်းက ဂျီကျသည်။ ဒီနေ့ မေမေ့နှလုံးအစားထိုးဖို့ ကိစ္စ ဆရာဝန်ကြီးက ဆွေးနွေးချင်တယ်ဆို၍ ဆိုင်မှနားရက်ယူကာ ဆေးရုံကိုလာခဲ့ခြင်းဖြစ်သည်။ ဆရာဝန်ကြီးနဲ့တွေ့အပြီး မေမေ့ကို ခနကြည့်ကာ ပြန်မယ်အလုပ် အမွှာနှစ်ယောက်က သျှင်းလက်ကိုဆွဲထားကာ မပြန်ခိုင်းတော့။ သူတို့ကိုမပြောပဲ အချိန်ဆွဲထားတာ ကြာလည်းကြာပြီမို့ ပြောလိုက်ရမလားဟုလည်း တွေဝေနေမိသည်။ သိသွားရင်ရော ဘယ်လိုများတုံ့ပြန်ကြမှာပါလိမ့်။

'' ကဲပါ ကိုကိုကြီး ပြောပါ့မယ် ဟုတ်ပြီလား ''

'' တကယ်လား! ''

ထို့နောက် မောင်နှမသုံးယောက် ဆေးရုံတွင်းပန်းခြံရှိ ခုံတန်းလေးမှာဝင်ထိုင်လိုက်ကြသည်။ တိုက်ခတ်နေတဲ့ လေပြည်လေးတွေထဲမှာ တချက်တချက် ပန်းနံ့လေးတွေက သင်းပျံ့လို့။

'' ကိုကိုကြီး လက်ထပ်ထားတာ ကောင်လေးတစ်ယောက်၊ အဲ့ကောင်လေးက အနှင်းတို့ထက်လည်းငယ်တယ် ''

သျှင်းပြောအပြီး ညီမနှစ်ယောက်ရဲ့ မျက်နှာကိုအကဲခတ်လိုက်တော့ ပြူးကြောင်ကြောင်လေးတွေနဲ့ ကြည့်နေကြ၏ ။

'' အဲ့ကောင်လေး ဘယ်သူလဲဆိုတာ မပြောခင် အနှင်းတို့ကို ကိုကိုကြီး အရင်မေးချင်တယ်၊ ကိုကိုကြီး ဒီလို လိင်တူ လက်ထပ်ထားတာကို အနှင်းတို့ လက်ခံနိုင်ရဲ့လား ''

သျှင်းပြောတော့ အနှင်းကပြုံးသည်။

'' တကယ်တော့ ကိုကိုကြီး ဟိုနေ့ကပြောကထဲက အနှင်းတို့ ရိပ်မိပြီးသားပါ၊ အများကြီးလည်းစဉ်းစားပြီးပါပြီ၊ ကိုကိုကြီးဒီလို ခပ်မြန်မြန်လုပ်လိုက်ရတာကလည်း အကြောင်းအရင်းရှိလို့ဆိုတာ အနှင်းယုံပါတယ်၊ အဲ့ဒါကြောင့် ကိုကိုကြီး အနှင်းတို့ကို အရမ်းစိတ်ထဲမထားပါနဲ့၊ နဂိုကထဲကမှ ပင်ပန်းနေတဲ့ ကိုကိုကြီးကို အနှင်းတို့ကထပ်ပြီးဖိအားမပေးချင်ဘူး ''

အနှင်းရဲ့စကားကို အလင်းကလည်း ခေါင်းငြိမ့်ကာ ပြုံးပြီးထောက်ခံသည်။ ဝဲတတ်လာသော မျက်ရည်တွေကို မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ကာ သိမ်းလိုက်ပြီး သျှင်းပြုံးလိုက်မိသည်။ သူ့ညီမလေးတွေတောင် အများကြီးအရွယ်ရောက်လာပြီပဲ။

Force of LovityWhere stories live. Discover now