Part 42 [ Unicode ]

4.3K 297 58
                                    

ဆိုင်တံခါးကိုပိတ်လိုက်ပြီး သျှင်းအပြင်ကိုထွက်လာခဲ့လိုက်သည်။ လက်ကနာရီကိုကြည့်လိုက်တော့ ၆နာရီထိုးလုလု။ ဒီရက်ပိုင်း ကိုရယ်မြူးသာကခွင့်ရက်ရှည်ယူထားပြီး ကိုဉာဏ်လင်းဟန်ကနှစ်ရက်ခြားတစ်ခါဆိုင်ကိုလာသည်။ တဖြည်းဖြည်းနဲ့ နေသားကျလာတဲ့အလုပ်မှာ ပျော်လာပေမဲ့ တခြားနေရာမှာတော့ စိတ်ကပင်ပန်းနေဆဲ။ မှောင်ရီပျိုးစပြုနေတဲ့ ပတ်ဝန်းကျင်ကိုကြည့်ရင်း သျှင်းသက်ပြင်းသဲ့သဲ့ချလိုက်သည်။

ဒီနေ့နဲ့ဆို မောင်နဲ့မတွေ့ရတာ နှစ်ပတ်တိတိ။ လင်းမြတ်မဟော်လေးနဲ့သာ မကြာခဏဖုန်းပြောဖြစ်ပြီး သူတို့နှစ်ယောက်ဖုန်းပြောတိုင်းလည်း မောင်ကအဝေးကို ရှောင်သွားတတ်သည်။ နွေးထွေးနေခဲ့ရဲ့သားနဲ့ အေးစက်သွားရတဲ့ အကြောင်းအရင်းကို အဖြေရှာကြည့်တော့ ရေရေရာရာမထွက်။ မောင့်မျက်နှာမြင်ချင်လို့ ကြံရာမရဖြစ်နေတုန်းမှာ video call ရအောင်ကိုကိုလို့ပြောလာတဲ့ လင်းမြတ်မဟော်လေးရဲ့ စကားမှာ သျှင်းခေါင်းငြိမ့်မိတာ ဝမ်းသာအားရ။

သာမန်ကလေးတွေထက် ဖွံ့ဖြိုးမှုအားနည်းပြီး ဉာဏ်ရည်ပိုင်းမှာပါ နှေးကွေးတယ်လို့ မောင်ပြောပြဖူးပေမဲ့ အခုတော့ လင်းမြတ်မဟော်လေးက လူကြီးနှစ်ယောက်ရဲ့ အရိပ်အကဲကိုကြည့်ပြီး နားလည်နေဟန်။ လင်းမြတ်မဟော်လေးရဲ့ မျက်နှာကိုကြည့်ပြီး သူပြောပြတာလေးတွေ နားထောင်နေတုန်း ဖုန်း screen ရဲ့ထောင့်မှာ ဖျတ်ခနဲ မြင်လိုက်ရတဲ့ အရိပ်ကလေးကြောင့် ရင်ထဲမှာထိတ်ခနဲ။

မောင်ပိန်သွားလိုက်တာ ။ ရင်ထဲမှာ တီးတိုးရေရွတ်မိပေမဲ့ အပြင်ပန်းမှာတော့ မျက်နှာမပျက်မိအောငိ ထိန်းထားလိုက်သည်။မောင်ကသူ့ကို မမြင်ချင်သေးဘူးဆိုရင် သျှင်းအပေါ် မောင်အာရုံစိုက်မိမယ့်အရာမျိုး မလုပ်ချင်ပါ။

'' ဟူး ''

လေပူတွေကို မှုတ်ထုတ်လိုက်ပြီး Bus ကားဂိတ်ဆီ လျှောက်တဲ့လမ်းက ခပ်ယဲ့ယဲ့။ မေမေကလည်း အခုဆို လုံးဝကောင်းသလောက်နှီးပါးဖြစ်နေပြီ အနှင်းနဲ့အလင်းကလည်း ကျောင်းပြန်တတ်နေရပြီမလို့ သျှင်းရဲ့ယခင် နေထိုင်မှုပုံစံလေးပြန်ရောက်သွားသလို။ သို့သော် ဒဏ်ရာဒဏ်ချက်တွေများခဲ့ရတဲ့ စိတ်တွေကတော့ အရင်လိုပြန်ဖြစ်နိုင်မည် မဟုတ်။

Force of LovityWhere stories live. Discover now