Part 33 [Unicode ]

4K 281 32
                                    

နှစ်လခန့် ကြာသော်....

'' အမေ ဘာမှ မကြောက်နဲ့နော် ၊ ခနလေးနဲ့ ပြီးသွားမှာ ''

'' အေးပါ သားရယ် ၊ အမေ မကြောက်ပါဘူး ၊ ငါ့သားသာ စိတ်ကိုအေးအေးထား ''

အမေက သူ့လက်ကိုဆုပ်ကိုင်ထားသော သျှင်းလက်ကို အပေါ်ကနေထပ်ပြီး အုပ်လိုက်ကာ ခပ်ဖွဖွပုတ်ပေးလာသည်။ခွဲခန်းဝင်ရမှာကို မကြောက်ပဲ အမေ့မျက်နှာလေး လန်းဆန်းနေတာကိုကြည့်ရင်း သျှင်းပြုံးလိုက်မိသည်။ တကယ်တော့ အမေက နဂိုကထဲက တည်တည်ငြိမ်ငြိမ်။ သျှင်းကသာ အစကနေ အဆုံးထိ ရင်တွေတုန်နေခဲ့တာ။

အမေနဲ့ကိုက်ညီတဲ့ နှလုံးအစားထိုးဖို့ အလှူရှင်တွေ့ပြီဟု ဆရာဝန်ကြီးပြောလာတုန်းက သျှင်းမှာ ဝမ်းသာအားရနဲ့ ဆရာဝန်ကြီးကို ထိုင်ကန်တော့မလို့ လုပ်ခဲ့သည်အထိ ။ အနှင်းနဲ့အလင်းကလည်း ထိုအခါမှ စိတ်ကိုဒုန်းဒုန်းချနိုင်သည်ဟု ပြောကြပြီး မောင်နှမသုံးယောက် ဝမ်းသာမျက်ရည်လည်ခဲ့ရသေး၏ ။

'' ကိုကိုကြီး ၊ ဆရာဝန်ကြီးလာပြီ ''

အလင်းက သျှင်းအနားတိုးတိုးကပ်ကာ လာပြောသည်။ ဆရာဝန်ကြီးက လူနာရှင်တွေအရမ်းစိတ်မပူဖို့နဲ့ သူတို့အတတ်နိုင်ဆုံးကြိုးစားပေးမည်ဆိုပြီး အားပေးသွားကာ ခနအကြာ ခွဲခန်းထဲဝင်သွားကြသည်။

'' အနှင်းတို့ ၊ ခနသွားနားရင် နားလေ ၊ ကိုကိုကြီးစောင့်ပေးနေလိုက်မယ် ''

အချိန်တိုအတွင်းမှာ ပြီးမယ့် ခွဲစိတ်မှုမျိုးမဟုတ်တာကြောင့် မနေ့ညကထဲက မအိပ်ရသေးသည့် အနှင်းတို့ကို ခနသွားနားခိုင်းရသည်။

'' အဲ့ဒါဆို အနှင်းတို့ နားပြီး ပြန်လာရင် ကိုကိုကြီးနားနော် ''

ညီမလေးတွေ စိတ်ကျေနပ်အောင် အသာခေါင်းငြိမ့်ပြလိုက်မှ တစ်ယောက်လက်တစ်ယောက်ဆွဲကာ ထွက်သွားကြသည်။ သျှင်းကိုယ်တိုင်လည်း တစ်ညလုံးမအိပ်ရသေးတာကြောင့် အနည်းငယ်မူးနောက်နောက်ဖြစ်နေသော ခေါင်းကို အသာနှိပ်လိုက်ကာ ခွဲခန်းရှေ့က ခုံတန်းလေးမှာ ဝင်ထိုင်လိုက်သည်။

မျက်လုံးတွေမှိတ်ချလိုက်မှ ကိုယ့်ကိုကိုယ် မျက်စိတွေကျိန်းနေမှန်း သတိထားမိတော့သည်။ ပိုပြီး ထိုးကိုက်လာသော ခေါင်းကြောင့် နားထင်နှစ်ဖက်ကို ခပ်နာနာဖိလိုက်ရသည်။ အမေ့ခွဲစိတ်မှုကာလ အတောအတွင်း ဆိုင်က လိုသလောက် နားရက်ယူခွင့်ပေးလို့သာ တော်သေးသည်။ မဟုတ်ရင် ဆိုင်တစ်ဖက်နဲ့ သျှင်းလဲကျသွားမှာစိုးသည်။ သျှင်းပါ ကျန်းမာရေးမကောင်းလိုက်ရင် တာဝန်တွေအကုန်လုံးက အမြွှာနှစ်ယောက်ခေါင်းပေါ် ကျသွားမှာဖြစ်တာကြောင့် စိတ်ကိုတင်းထားရသည်။

Force of LovityWhere stories live. Discover now