Part 16 [ Unicode ]

4.2K 319 5
                                    

သင်္ကြန်ရက်တွေ လွယ်လွယ်ကူကူပဲ ပြီးဆုံးသွားခဲ့ပြီး သျှင်းအလုပ်စဝင်ရမယ့် အချိန်သို့ရောက်လာခဲ့ပြီ ဖြစ်သည်။ ဒီရက်တွေအတွင်း သိုင်းမြတ်မဟော်ဘက်မှ ဆက်သွယ်လာခြင်းမရှိသေးတာကြောင့် စိတ်အေးနေရသည်။ အမေ့အတွက် နှလုံးအလှူရှင်ရှာပေးဖို့ သိုင်းမြတ်မဟော်ကဆေးရုံအုပ်ကို ညွှန်ကြားထားသည်ဆိုတာကြောင့် ဆေးရုံအုပ်ကြီးက အမေ့ကိုတနေ့တခါလာကြည့်သည်။

ဘယ်လိုပဲ ဖြစ်ဖြစ် သူဒီလိုလုပ်လိုက်လို့ အမေကောင်းကောင်းမွန်မွန်ခွဲစိတ်ရပြီး အသက်ဆက်လက်ရှင်သန်သွားနိုင်မည်ဆိုလျှင် သျှင်း နောင်တမရ။ ထပ်ခါထပ်ခါ ရွေးချယ်ရမည်ဆိုလျှင်တောင် သူဒီလမ်းကို ဆက်ရွေးခဲ့လိမ့်မည်။

'' ကိုကိုကြီး ဒီနေ့ အလုပ်သွားရမယ်ဆို ''

အလုပ်မသွားခင် အမေရှိရာဆေးရုံသို့ တစ်ခေါက်လာတွေ့တာကြောင့် အနှင်းက အိပ်ချင်မူးတူးနဲ့ ထလာသည်။ အလင်းကတော့ ကုတင်ပေါ်မှာ အိပ်လို့ကောင်းတုန်း။

'' ရတယ် ကိုကိုကြီး အမေ့ကိုခနဝင်ကြည့်တာ၊ အနှင်းပြန်အိပ်လေ။ ပြီးတော့ ဒီရက်တွေ ကိုကိုကြီး ဆေးရုံကို နေ့စဉ်လာနိုင်မှာမဟုတ်လောက်ဘူး။ ''

'' ရပါတယ် ကိုကိုကြီး၊ အနှင်းတို့သေချာဂရုစိုက်လိုက်ပါ့မယ်၊ ပြီးတော့ အနှင်းတို့ ကျူရှင်သွားရင်လည်း special nurse တွေရှိနေတာပဲ၊ ကိုကိုကြီး စိတ်ချပါ ''

'' အင်းအင်း၊ တခုခုလိုတာရှိရင် ချက်ချင်းဖုန်းဆက်နော် ''

အနှင်းကိုသေချာ မှာစရာရှိတာမှာပြီး အမေ မနိုးအောင် ခြေသံလုံလုံနဲ့ ပြန်ထွက်ခဲ့သည်။ အလုပ်ပထမဆုံး တတ်ရက်မို့ နောက်မကျအောင် ဆေးရုံကို မနက်အစောကြီးဝင်ခဲ့တာဖြစ်သည်။ မနက်စောပေမယ့်လည်း Bus ကားတွေကတော့ မချောင်ပါ။ သူလို ကိုယ်လို အလုပ်သွားမယ့်လူ၊ ဈေးသွားမယ့်လူတွေ ပြည့်နေကာ ကျောင်းတွေပိတ်ထားလို့သာ တော်တော့သည်။

ဆိုင်ဝင်းထဲရောက်တာနဲ့ ရင်ဘတ်ကိုအသာဖိကာ စိတ်ကိုငြိမ်အောင်ထားရသည်။ အသက်ဘယ်လောက်ကြီးကြီး, အလုပ်အတွေ့အကြုံ ဘယ်လောက်ရှိရှိ ၊ ပထမဆုံး အလုပ်တက်ရက်ကတော့ စိတ်လှုပ်ရှားရစမြဲပင်ဖြစ်သည်။

Force of LovityWhere stories live. Discover now