.42.

1.1K 163 14
                                    

Unicode

သူနှိုးလာတော့‌ မောင်က ဘေးမှာ မရှိတော့။ နေမကောင်းတဲ့သူက ဘယ်လိုလုပ် အစောကြီး နိုးတာလဲ ဆိုတဲ့ အတွေးနဲ့ အပြင်ကို ထွက်လာခဲ့တော့ အခုမှ အပြင်က ပြန်လာတဲ့ ပုံရသည့် မောင်က သူ့ကိုမြင်တော့ ခေါင်းစခြေအဆုံး ကြည့်နေသည်။

မြေပြင်နဲ့တိုက်နေသည့် ဂါဝန်ကို အနည်းငယ် မ,လျှောက်တော့ မောင်က ခေါင်းငုံ့ကာပင် သက်ပြင်းချသည်။ အနားကို သွားတော့ မောင်က သူယူလာသည့် အိတ်ကို သူ့ထံ ကမ်းပေးသည်။

' လဲဝတ်လိုက်။ '

အိတ်ကို ဖွင့်ကြည့်တော့ ယောကျာ်းလေးဝတ်ဖြစ်နေသည်။ တကယ်ဝတ်ချင်ပေမဲ့ မဖြစ်ဘူးလေ။

' မဝတ်ချင်ဘူး။ '

' ဝတ်ရမယ်။ ဒီပုံစံကြီးနဲ့ နေမလို့လား။ '

မောင့်ပုံစံက တော်တော်လေးကို သဘောမကျနေတာဖြစ်သည်။ သူလည်း သဘောမကျပေမဲ့ ဒီတိုင်း မဝတ်ဘဲသာ လျှောက်သွားနေမယ် ဆိုရင် သူ့ကို အကုန်မှတ်မိကုန်မှာလေ။ အလကား ကောလဟာလတွေ ထွက်ကုန်မှာ။

' နေကောင်းသွားပြီလား။ ကိုယ်ပူနေသေးလား။ '

စကားလမ်းကြောင်းကို လွှဲလိုက်ပြီး မောင့်နဖူးကို စမ်းတော့ ခြေတစ်လှမ်း နောက်ဆုတ်သွားသည်။

' သက်သာနေပြီ။ '

' တကယ်မုန်းစရာကောင်းတာပဲ။ တစ်ညလုံး ပြုစုပေးခဲ့တာကို စိတ်ကောက်ပြနေတယ်။ '

မျက်စောင်းထိုးကာ ပြောလာသည့် အရှင်။ အမှန်တော့ ဝတ်ထားတဲ့ ဝတ်စုံက အရှင်နဲ့လိုက်သည်။ သို့သော် ဝတ်ဖို့မသင့်တာကို ဝတ်ထားတာမို့ မကြိုက်တာ။

ဒါကြောင့်ပဲ နှိုးနှိုးခြင်း ဆိုင်ကို အပြေးသွားကာ ယောကျာ်းဝတ်အထည်နှစ်စုံလောက် သွားဝယ်လာခဲ့တာ ဖြစ်သည်။ နောက်နေသည့် ခေါင်းနဲ့ မနည်းသွားဝယ်လာခဲ့တာကို ပြန်လာတော့ မဝတ်ဘူးတဲ့လေ။

နဖူးပေါ် ရောက်လာသည့် လက်လေးကို ရှောင်ကာ ဖယ်တော့ သူက စိတ်ကောက်တယ် ထင်သည်။ ဒီကိုဘာလို့ ပြန်ရောက်လာလဲ ဆိုတာကိုတောင် မသိဘူး။ သူဘယ်အချိန် ပြန်သွားမလဲဆိုတာကိုလည်း မသိရဘူး။ ခဏလောက် အလွမ်းပြေ တွေ့ရချိန်လေးကိုပဲ တန်ဖိုး ထားချင်ပေမဲ့ အဲ့လို ဘာမှမတွေးဘဲ လက်ရှိအခြေအနေကိုပဲ အာရုံမစိုက်နိုင်ဘူး။ အမြဲ အတွေးတွေက ခေါင်းထဲ တိုးဝင်လာသည်။ ဒီတစ်ခါ နေမကောင်းတာက အရင်ကအချိန်တွေထပ် ပိုပင်ပန်းတယ်။

THE NAWROYA - နော်ရိုရာအရှင်Место, где живут истории. Откройте их для себя