အပိုင်း (၆) / အပိုင္း (၆)

169 9 0
                                    

Zawgyi Font ⤵️
****************
String of heart💕
(နှလုံးသားစောင်းကြိုး)

အပိုင်း(၆)
........................

" တီ တီ တီ..... "

စည်းချင်း သူ့အိမ်ရှေ့ကားရပ်ပြီး ဟွန်းတီးနေတာ ဘယ်နှကြိမ်မှန်းမသိတော့...။ လူက သိပ်စိတ်ရှည်တာဆိုတော့ကား... ။

" ကျစ်... ဒီဦးထွန်းရွှေတော့ ဘယ်ချောင်မှာ ခွက်ပုန်းသွားခုတ်နေလို့ ပေါ်မလာတာလည်းမသိဘူး ... "

သူ့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို တစ်စက္ကန့်တောင် အလေအလွင့်မခံနိုင်တာမို့ စည်းကားပေါ်ကဆင်းပြီး ​ခြံရှေ့ခါးနှစ်ဖက်ထောက်ပြီး အိမ်ထဲမျှော်ကြည့်လိုက်မှ ဟောတွေ့ပါပြီ ပုဆိုးမနိုင် ဘာမနိုင် ယိုင်တိုင်တိုင် သားသက်အဖေလို အလျင်စလို ထွက်လာသော ခြံစောင့် မာလီ ဦးထွန်းရွှေ ... ။

ယခုမှ ဖွင့်နေကျ ဆွဲတံခါးက သံချေးကိုက်သည်ထင် တော်တော်နဲ့ဆွဲဖွင့်မရဖြစ်နေသော ဦးထွန်းရွှေကို စည်းအားမလိုအားမရဖြစ်ပြီး ကူဖွင့်ပေးလိုက်ရ၏။ တံခါးပွင့်မှ ကားပေါ်ပြန်တက်ပြီး ကားကိုဂိုဒေါင်ထဲ တစ်ခါတည်းတန်းထည့်လိုက်တော့သည်။

" ဦးထွန်းရွှေ .... ခင်ဗျားအခုလိုကြပ်ကြပ်လုပ်၊ အိမ်ထဲသူခိုးဝင်မယ် "

" အဟဲ ကျုပ်တရေးအိပ်ပျော်သွားလို့ပါ မောင်စည်းရယ်... အဟဲ ဟဲ.... "

ဆင်​ခြေကို ကန်ထရိုက်ဆွဲထားသော ဦးထွန်းရွှေကို စည်းခေါင်းတခါခါကြည့်ရင်း နောက်မဖြစ်အောင် သတိပေးရသည်။ ဆင်​ခြေ ဆင်လက် ဆင်နားရွက်နဲ့ ကြားရဖန်များ၍ စည်းစိတ်ကုန်လှပြီ...။ သူလည်း ဘယ်တော့မှ ဆင်ခြေမပေး။ လုပ်နိုင်ရင်လုပ်လိုက်တယ်၊ မလုပ်နိုင်ရင် ငြိမ်နေလိုက်တယ်။ အမြဲ do or die ပဲ ။

အိမ်တံခါးခေါက်လိုက်တော့ စက္ကန့်ပိုင်းလေးမှာ တံခါးက ပွင့်သွားတာမို့ စည်းကျေနပ်သွား၏။ ဒေါ်ထားမျက်နှာက အိပ်ချင်းမူးတူးပုံလည်းမပေါက်တာမို့ အစောထဲက လာစောင့်နေတာ ကျိန်းသေသွားသည်။ နုံးချိနေသော ကိုယ်ကိုသယ်ရင်း အိမ်အပေါ်ထပ်တက်မည်အလုပ် ဧည့်ခန်းကပုံရိပ်ကို မျက်လုံးထောင့်က ရိပ်ခနဲတွေ့လိုက်ရာ သူ့ခြေဦးပြန်လှည့်ပြီး ဧည့်ခန်းထဲဝင်သွားလိုက်တော့ စည်းမျက်လုံးပြူးသွား၏။

String of Heart (နှလုံးသားစောင်းကြိုး)Tempat cerita menjadi hidup. Temukan sekarang