MBB-4

5.1K 422 22
                                    

ဆီးခုံတစ်ခုလုံးတင်းကျပ်နေတဲ့ခံစားချက်နှင့်အတူ ရှေးရေစက် နိုးလာခဲ့သည်။ချက်ချင်းပဲ အိပ်ရာပေါ်က ခပ်မြန်မြန်ထလိုက်ပြီး မှတ်မိနေတဲ့ခြေလှမ်းတွေဟာ အခန်းတံခါးဆီကို ဦးတည်လိုက်ပါသည်။

အခန်းတံခါးဖွင့်လိုက်တာနဲ့ တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်မှာ ပုဇဉ်းရင်ကွဲလေးတွေအော်သံကို ကျယ်ကျယ်လောင်လောင်ကြားနေရတာမို့ ညဉ့်နက်ပိုင်းသာရှိဦးမည်ဟု ခန့်မှန်းမိသည်။

အခန်းတွေရဲ့အရှေ့မျက်နှာစာရှိ အုတ်တံတိုင်းအကာလေးကို ထိကိုင်ရင်း အိမ်သာရှိရာကိုလျှောက်လာခဲ့လိုက်သည်။အပေါ့အပါးသွားချင်ရင် သူ့ကိုလာနှိုးပါဆိုတဲ့ အနိုင့်စကားကိုမှတ်မိပါသော်လည်း သူတစ်ပါးအိပ်ချိန်ကိုဒုက္ခမပေးချင်တဲ့စိတ်ကြောင့် ကိုယ့်အားကိုယ်သာကိုးလိုက်ပါသည်။

သူမှတ်ထားသလောက်ဆိုရင် အိမ်သာဟာ ရေချိုးဆောင်ရဲ့ဘေးနားမှာကပ်ရပ်ရှိနေသည်။ရေချိုးဆောင်ကိုတော့ နှစ်ခေါက်တိတိရောက်ဖူးတာမို့ သူအသေအချာမှတ်မိနေပါသည်။

တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ဟာ လျှပ်စစ်မီးသီးတွေကြောင့် လင်းထိန်နေပါသော်လည်း စမ်းတဝါးဝါးဖြင့်လျှောက်နေသည့် ရှေးရေစက် ရဲ့ကမ္ဘာကတော့မှောင်မိုက်နေခဲ့သည်။။

ခဏခဏခလုတ်တိုက်မိတာကြောင့် ချော်လဲမလိုဖြစ်ရပေမယ့်လည်း သူအိမ်သာကိုရောက်အောင်သွားရမည်။

ထိုအချိန်

"ဟာ သွားပြီ"

အပေါ့သွားချင်စိတ်လောနေတာကြောင့် ခြေလှမ်းတွေမှာ သူခဏတာအာရုံပျောက်သွားခဲ့သည်။အခု ဘယ်နားကိုရောက်နေလောက်ပြီလဲ။သူမသိတော့ပလ။အသည်းအသန်ပြန်စဉ်းစားရတဲ့အတွေးကြောင့်ရော ဆီးခုံကစူးအောင့်လာတဲ့ခံစားချက်ကြောင့်ပါ ဇောချွေးတွေပျံလာရသည်။ထို့နောက် တဆက်တည်းဆိုသလို ခံစားလာရတာက ဝမ်းနည်းသိမ်ငယ်စိတ်။

အညိုရောင် မျက်ဝန်းလှလှလေးတွေဆီမှ လျှံကျလာသောမျက်ရည်နှစ်စက်သည် ဖြူနုနုပါးပြင်ကိုဖြတ်သန်းကာ မျက်နှာကျချွန်ချွန်လေးနားမှာ ရေစက်အဖြစ်တင်ကျန်သည်။

Master's Blind Boy (COMPLETED)Donde viven las historias. Descúbrelo ahora