MBB-28

2.2K 191 4
                                    

ညစာစားချိန်ဖြစ်တာကြောင့် အိမ်မက်သခင် အခန်းထဲကနေထွက်လာခဲ့လိုက်သည်။တစ်ညနေလုံးလည်း အခန်းထဲမှာပဲနေနေရတာမို့ သူပျင်းသလိုလိုတော့ဖြစ်နေပါသည်။အမှန်တော့ မနက်တုန်းကဧည့်သည်ကောင်လေးကိုအဖော်လုပ်ပေးဖို့ သူစဉ်းစားထားပေမယ့် ထိုကောင်လေးက အခန်းထဲဝင်သွားပြီးကတည်းက ပြန်ထွက်မလာတော့တာမို့ သူလည်းသူ့အခန်းထဲမှာသာ ဝင်နေဖြစ်ခဲ့သည်။ကောင်လေးက နေ့လည်စာစားချိန်မှာတောင် အပြင်ထွက်မလာခဲ့ဘူးလေ။အိမ်တော်ထိန်းဦးလေး သွားခေါ်တာကိုလည်း ဗိုက်ပြည့်နေလို့လို့ပြန်ပြောလိုက်သေးသည်။အိမ်နှင့်စိမ်းနေသေးတာမို့ အခုလိုဖြစ်နေတယ်လို့သာ သူတို့တွေးလိုက်ပါသည်။နောက်ပိုင်း နေတာကြာသွားတော့လည်း နေသားကျသွားပါလိမ့်မည်။ထိုကောင်လေး ဘယ်လောက်ကြာကြာအထိ ဒီမှာနေမလဲတော့ မသိပေမယ့်ပေါ့။

"မင်းအိမ်ကဘာလို့ထွက်လာလဲ ကိုယ်မမေးဘူး၊ မင်းမှာဘာကိစ္စပဲရှိရှိ မင်းမသိစေချင်သရွေ့ ဘာမှမမေးဘူး၊ ဒါပေမယ့် တစ်ခုပဲ အစားမစားဘဲနေလို့မရဘူး၊ စိတ်ညစ်လို့ဆိုပြီး အစားမစားတာက လူညံ့တွေရဲ့အလုပ်ပဲ"

ထမင်းစားခန်းအဝကို အိမ်မက်သခင် ရောက်တာနဲ့ မောင့်ရဲ့စကားသံကိုအရင်ကြားလိုက်ရသည်။တစ်ဖက်လူ ထမင်းမစားဘူးဆိုတာကြောင့် မောင်ကစကားတွေဖြင့်ဖျောင်းဖျနေပုံရပါသည်။ဘယ်လိုလုပ်ရမလဲ၊ သူဝင်သွားရမလား၊ နောက်မှပဲပြန်လာစားရမလား။မောင်ကသူ့ကိုတခြားအလုပ်သမားတွေနှင့်မတူဘဲ ထမင်းအတူစားခွင့်ပေးထားပေမယ့် အခုလိုဧည့်သည်ရှိနေတဲ့အချိန်မှာရော အကျုံးဝင်ပါ့မလားလေ။

"မစားချင်လို့လေ"

"မစားချင်လို့ရမလား၊ မင်းနေ့လည်ကလည်းထမင်းမစားဘူးဆို၊ ဟော စဉ်းစားကြည့်မှ မနက်ကလည်းမစားဘူးမလား၊ မင်းတစ်နေကုန်ဘာမှမစားဘဲ နေလို့ရမလား"

"ရလို့ အခုနေနေတာပေါ့"

"သွား သွား ကိုယ့်အိမ်ကိုယ်ပြန်တော့"

"ခင်များ!"

တစ်နေ့တာတောင်မကုန်သေးပေမယ့် အလွမ်းဒဏ်ကြောင့် ရင်ခံပြီးဘာမှမစားနိုင်ဖြစ်နေတဲ့ ရှေးရေစက် ရဲ့မျက်နှာကဆူပုတ်နေပါတော့သည်။မင်းမျိုးဗီဇ ကလည်း ရှေးရေစက် ကိုထမင်းမဝင်ဝင်အောင်ကျွေးမည်ဟု ဆုံးဖြတ်ချက်ချထားသည့်ပုံစံဖြင့်။သူတို့နှစ်ယောက်ကိုကြည့်ပြီး ထမင်းစားခန်းအဝမှာ မတ်တပ်ရပ်နေသည့် အိမ်မက်သခင် ကတော့မျက်နှာငယ်ဖြင့်သာ။

Master's Blind Boy (COMPLETED)Where stories live. Discover now