လက်ကောက်ဝတ်နားမှ ကြယ်သီးကိုတက်နေရင်း ခုတင်ပေါ်မှာ ငြိမ်ငြိမ်လေးအိပ်မောကျနေပါသော ကောင်လေးကိုလှမ်းကြည့်လိုက်သည်။မျက်လုံးလေးမှိတ်ပြီးအိပ်ပျော်နေတဲ့ပုံလေးတောင်မှ ဂန္တဝင်ဆန်ဆန်လှပနေတယ်လို့ထင်မိတာ သူ့အလွန်မဟုတ်။ကောင်လေးကိုက လှရက်နိုင်လွန်းတာပါ။
ခုတင်နားကိုအသာတိုးသွားလိုက်ပြီး ကိုယ်ကိုငုံ့ကိုင်းကာ မျက်နှာလှလှကိုအနီးကပ်ကြည့်မိသည်။မျက်လုံး မျက်ခုံး နှာတံ နှုတ်ခမ်း တွေဆီမှာ အပြစ်တစ်စုံတစ်ရာများရှာတွေ့လေမလားလို့။သူ့အချိန်တွေကုန်သွားတာပဲအဖက်တင်ပါသည်။
မနေ့ညက ညစာစားပြီးတာနဲ့ပြန်အိပ်သွားတဲ့ကောင်လေးက အခုထိမနိုးသေး။အိပ်နေလိုက်တာများ အခုနေ သူတစ်ခုခုလုပ်လိုက်ရင်တောင် ကောင်လေးကသိမယ့်ပုံမပေါ်။သူလုပ်တာကို မသိဘူးဆိုရင် သူကလည်းမလုပ်ချင်ပါ။သူဘာလုပ်လုပ် ကောင်လေးသိတာကိုပဲလိုချင်တာ။သူလုပ်တဲ့အလုပ်တိုင်းမှာ ကောင်လေးကလိုက်ခံစားတာကိုပဲသူလိုချင်သည်။
မျက်တောင်ကော့ကော့လေးတွေဖြာချထားတဲ့ မျက်လုံးလေးတွေကိုငေးကြည့်ရင်း မနေ့ကအကြောင်းဆီကို သူ့စိတ်ကပြန်ရောက်သွားသည်။သူလန့်သွားခဲ့တာ။စစ်တုရင် ဆိုတဲ့သူ့လိုလူက မျက်ရည်ပိုးပိုးပေါက်ပေါက်ကျကာ ဝေဒနာခံစားနေရတဲ့ကောင်လေးကိုကြည့်ပြီး ရင်ထဲထိတ်ခနဲဖြစ်သွားခဲ့တယ်ဆိုတော့ သူဘယ်လောက်တောင် ဒီကောင်လေးအပေါ်မှာနစ်ဝင်နေခဲ့တာလဲ။တွေ့ခဲ့တာလည်း မကြာသေးပါဘဲ အတူရှိတဲ့အချိန်ကလည်း မကြာသေးပါဘဲ သူဒီလောက်ထိစွဲလမ်းသွားခဲ့တာ ရှေးရေစက် ကြောင့်များလား။ကောင်လေးနာမည်ကိုပြောနေတာမဟုတ်ဘူး၊ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ရှေးဘဝကရေစက်ဖြစ်မယ်ဆိုတာ တွေးမိလို့ပြောနေတာ။
သူ့အတွေးကဖြစ်နိုင်လောက်သည်။သူနှင့်ကောင်လေးက ရေစက်ပါလို့ဆုံရပြီး ချစ်ခွင့်ရခဲ့ကြတာဖြစ်မည်။ကောင်လေးကလည်း သူ့ကိုစွဲစွဲလမ်းလမ်းဖြစ်နေတာကိုကြည့်ပါလား။ရှေးဘဝကရေစက်တွေပေါ့၊ ရှေးရေစက်တွေ။
"ရှေးရေစက်"
"ဟင် ဟုတ်"
အတွေးတွေက စကားလုံးတွေအဖြစ်ပါးစပ်ဖျားကနေထွက်သွားတော့ ကောင်လေးရဲ့မျက်ခွံတွေကဖြတ်ခနဲပွင့်သွားပြီး ထူးလာသည်။သူနှိုးလိုက်သလိုများဖြစ်သွားတာလား။
KAMU SEDANG MEMBACA
Master's Blind Boy (COMPLETED)