လုလျန်ကွမ်းမှာ ထန်ချူ့အား အံ့ဩတကြီး စိုက်ကြည့်၍လာပြီး ထန်ချူ့ကတော့ သူ့အား အခုအချိန်အထိ အူတိအူကြောင်ပုံစံလေးဖြင့် ကြည့်နေဆဲ ဖြစ်လေသည်။ ထို့နောက်တွင်မှ သူသည် တစ်စုံတစ်ခုအား သဘောပေါက်သွားဟန်ဖြင့် မေး၍လာလေသည်။
"တရုတ်မှာ....ရက်ကွန်းသား မစားကြဘူးလားဟင်?"
"အင်း, ကျွန်တော်တို့မှာ ရက်ကွန်းသား မစားကြဘူး"
လုလျန်ကွမ်းသည် ကူကယ်ရာမဲ့ဟန်လေးဖြင့် ပြန်၍ ဖြေလာလေသည်။
"ဥရောပနဲ့ အမေရိကလိုမျိုး မဟုတ်ဘဲနဲ့ တရုတ်မှာက ရက်ကွန်းတွေ အများကြီး မရှိဘူးလေ။ နတ်ဘုရားကျူ ဒီကို ပြန်မရောက်ဖြစ်တာ ဘယ်လောက်တောင် ကြာနေပြီလဲ?"
ထန်ချူ့မှာ အနည်းငယ် ဆုတ်ဆိုင်းသွားရသည်။ နှစ်ပေါင်းများစွာကြာအောင် သူသည် ရုပ်ခန္ဓာကိုယ်အရ အမေရိကားတွင် နေထိုင်ခဲ့ခြင်းဖြစ်ပြီး စိတ်ဝိဉာဉ်ကတော့ 'ကျူချုံရှန်း' ဟူသည့် ကလောင်နာမည်ဖြင့် အွန်လိုင်းစာပေလောကတွင် အခြေချခဲ့ခြင်း ဖြစ်လေသည်။
တစ်နှစ်ပြီး တစ်နှစ် သူသည် ဖန်တစ်ရာထေနေပြီ ဖြစ်သော ထိုဘဝမျိုးနှင့် နေထိုင်ခဲ့ခြင်း ဖြစ်လေရာ သူသည် ဘယ်လောက်တောင် ကြာမြင့်ခဲ့ပြီ ဖြစ်မှန်း သူကိုယ်တိုင်တောင် မရေတွက်နိုင်တော့ပါချေ။ သူသည် မျက်ဝန်းများအား မှိတ်ချလိုက်သည့်အခါ ထိုအချိန်ကာလမှာ သူ့စိတ်အာရုံအတွင်း ထင်ဟပ်လာသည်။ သူ ကြုံတွေ့ခံစားခဲ့ရသည့် စိတ်ခံစားချက်အလုံးစုံတို့သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြတ်ပြေးသွားလေသည်။
ထန်ချူ့သည် သူ၏ မျက်ဝန်းများအား တဖန်ပြန်ဖွင့်လိုက်ပြီးနောက် ညင်သာစွာ ဆိုလာလေသည်။
"....ခုနစ်နှစ် ရှိသွားပြီ"
သူသည် အမိမြေနှင့် ထိုမိသားစုအား ချန်ထားရစ်ခဲ့သည်မှာ ခုနစ်နှစ်တိုင်တိုင် ရှိခဲ့ပြီ ဖြစ်လေသည်။
ဒီမြေတွင် သူ့အတွက် အောက်မေ့တမ်းတဖွယ်ရာ မကျန်ရှိသလို သူ ပြန်လည်ရောက်ရှိမှုအား ငေးလင့်စောင့်စားနေသူဟူ၍လည်း မရှိပါချေ။ လင်လန်၏ ပြောကြားချက်ကြောင့် သူမိခင်ဖြစ်သူ၏ ကျေးဇူးဖြင့် ဒီနိုင်ငံတွင် ကျန်ရှိခဲ့သည့် သူ၏ ဂုဏ်သတင်းမှာ နောက်ထပ်ဆိုးရွားစရာ မရှိတော့လောက်အောင်ပင် စုတ်ပြတ်သတ်နေပြီ ဖြစ်ကြောင်း သူ သိရှိထားပြီးသား ဖြစ်လေရာ စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ခဲ့ပြီး ဖြစ်လေသည်။
YOU ARE READING
ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)
Romanceကျယ်ပြောလှတဲ့ အနန္တအမှောင်ထုရဲ့ အဆုံးသတ်မှာတော့ အလင်းရောင်ခြည်ဆိုတာ ရှိစမြဲပါပဲလေ... Name - Have you ever met such a cold author? Author Name - Shou Chu It's just a fun translation and I don't own this novel. I don't get any permission so I might de...