ကျောင်းအတွင်း၌ အခမ်းအနား အပြီး ပွဲစဉ်များမှာ ကျင်းပလျက်ရှိနေသေးလေသည်။ သူတို့သည် အစောကြီး ထွက်လာခဲ့ရာ မြောက်ဘက်ဂိတ်ရှိ လူအုပ်ကြီးမှာ လူစုကွဲသွားပြီ ဖြစ်ပြီး နဂိုကတည်းကမှ လူအသွားအလာ နည်းသည့် တိုကိုရာကီဆိုင်မှာ ပို၍ပင် ခြောက်ကပ်နေလေတော့သည်။
ထန်ချူ့သည် နောက်သို့ အနည်းငယ်ဆုတ်ကာ ဆိုင်၏ နာမည်နှင့် ထိုလူနှစ်ယောက်အား ဓာတ်ပုံရိုက်ပေးရန် ပြင်လိုက်စဉ်မှာပင် အမျိုးသားတစ်ယောက် ထိုဆိုင်အတွင်းမှ ထွက်လာသည်အား မှန်ဘီလူးမှ တစ်ဆင့် မြင်လိုက်ရလေသည်။
သူသည်လည်း ဝတ်စုံပြည့်အား သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားပြီး မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီမှာ ပြေပြစ်ချောမောလှသည်။
လုလျန်ကွမ်း၏ ပခုံးထက်တွင် တင်ထားသည့် ဟော့မြောင်၏ လက်အား ထိုသူသည် အနောက်ဘက်မှ နေ၍ ပုတ်ချလိုက်လေသည်။
သူသည် အနောက်ဘက်သို့ လှည့်၍ မည်သူမည်ဝါ ဖြစ်မှန်းကြည့်လိုက်ပြီးနောက် အံ့အားတကြီး အော်ဟစ်လာတော့သည်။
"မင်း... ရှစ်ရှုန်း! ဒီမှာ ဘာလုပ်နေတာလဲ?"
ယိုဟုန်ကျီမှာ မျက်ခုံးတစ်ဖက် မြင့်တက်သွားကာ ပြော၍လာသည်။
"တိုကိုရာကီ ဝယ်နေတာ"
"ဒါဆို တိုကိုရာကီက ဘယ်မှာလဲ?"
"ငါ စားပြီးပြီ"
"ဘယ်မှာစားလိုက်တာလဲ? အခုလေးတင် ဆိုင်ထဲမှာ ဘယ်သူမှ မရှိပါဘူး"
"မင်း အမြင်မှားတာ"
ဟော့မြောင်မှာ တစ်ဖက်သူအား သင်္ကာမကင်းဖြစ်စွာဖြင့် ကြည့်လိုက်သော်လည်း လုလျန်ကွမ်းသည်လည်း ရှိနေသောကြောင့် သူသည် ယိုဟုန်ကျီအား တကယ့် အကြောင်းပြချက်အား မမေးဝံ့ပါချေ။ အစတွင်တော့ ဟော့မြောင်မှာ ယိုဟုန်ကျီနှင့် အမှတ်မထင်ဆုံခဲ့ခြင်းသာ ဖြစ်၍ အရင်ထွက်သွားလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း မထင်မှတ်ထားစွာဖြင့် စကားဆက်လာသည်။
"ငါနဲ့ လိုက်ခဲ့၊ ကုမ္ပဏီမှာ မင်းကို လိုတဲ့ ကိစ္စလေး တစ်ခု ရှိနေတယ်"
YOU ARE READING
ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)
Romanceကျယ်ပြောလှတဲ့ အနန္တအမှောင်ထုရဲ့ အဆုံးသတ်မှာတော့ အလင်းရောင်ခြည်ဆိုတာ ရှိစမြဲပါပဲလေ... Name - Have you ever met such a cold author? Author Name - Shou Chu It's just a fun translation and I don't own this novel. I don't get any permission so I might de...