လုလျန်ကွမ်း တစ်ယောက် ထန်ချူ့အား ပထမဦးအကြိမ် ဆုံတွေ့ခဲ့သည်မှာ ချန်ရှို့အဆောင်၏ အမျိုးသား အိပ်ဆောင်အခန်းဘက်တွင် ဖြစ်လေသည်။ သူသည် ကျောင်းအပ်နှံရန်အတွက် ကျန်ရှိသည့် ကိစ္စဝိစ္စများအား ဆောင်ရွက်ရန် အခန်းဖော် အသစ်ဖြစ်သူ ဟော့မြောင်နှင့် အပြင်သို့ ထွက်လာချိန်၌ အဆောင်ခန်းထဲမှ တစ်ပြိုင်နက်တည်း ထွက်လာကြသော စီနီယာနှစ်ယောက်နှင့် ကော်ရစ်ဒါတွင် သွားဆုံလေသည်။
နှစ်ဦးစလုံးမှာ အရပ်မြင့်သူများ ဖြစ်ကြသော်လည်း အရပ်အမောင်းပိုကောင်းသည့် တစ်ယောက်မှာ မျက်ခုံးထူထူ, မျက်ဝန်းနက်နက်ဖြင့် ချောမောလှကာ တစ်ချက်ကြည့်ရုံဖြင့်ပင် လူအုပ်ကြားထဲ၌ ထင်းထွက်နေမည့် ပုံစံမျိုး ဖြစ်လေသည်။ ခြေတစ်လှမ်းစာလောက် နောက်ကျကာ လျှောက်နေသည့် တခြားတစ်ယောက်မှာ ခေါင်းကို ငုံ့ကာ ဖုန်းအား ကြည့်နေသဖြင့် သေးသွယ်ပါးလျသော ခန္ဓာကိုယ်လေးကိုသာ တွေ့ရပြီး ထိုသူ၏ မျက်နှာကိုတော့ ရှင်းရှင်းလင်းလင်း မမြင်ရပါချေ။
လုလျန်ကွမ်းနှင့် ဟော့မြောင်မှာ ထိုသူနှစ်ဦးအား နှုတ်ဆက်စကားဆိုရန် ရပ်တန့်လိုက်သည်။
အရပ်ပိုမြင့်သည့် တစ်ယောက်မှာ သူတို့အား တစ်ချက်လှမ်းကြည့်၍ မထီမဲ့မြင်ဟန်ဖြင့် ဝတ်ကျေတန်းကျေ 'အင်း' ဟု ပြန်ဖြေကာ ဒီအတိုင်း ဖြတ်လျှောက်သွားလေသည်။
တခြားတစ်ယောက်မှာတော့ ခေါင်းကလေးမော့ကာ လူသစ်နှစ်ယောက်အား ခပ်မြန်မြန် တစ်ချက် ကြည့်လိုက်သည်။
ထိုအကြည့်မှာ လျင်မြန်လွန်း၍ လုလျန်ကွမ်းမှာ ဒီနေရာသည် အမျိုးသား အိပ်ဆောင်နေရာမှန်း သေချာပေါက် သိသော်လည်း သူ့ရှေ့၌ ရှိနေသည့် သူမှာ အမျိုးသားလား၊ အမျိုးသမီးလား ဆိုတာကိုပင် ခွဲခြားရန် ခက်ခဲသည်ဟု တွေးထင်မိသည်။
ထို့နောက်တွင်တော့ ထိုသူသည် သူတို့အား အလေးထားပုံမရဘဲ သူ၏ ခေါင်းအား ပြန်ငုံ့ချကာ အေးတိအေးစက် မျက်နှာထားဖြင့် ဖုန်းကိုသာ တဖန်ပြန်ငုံ့ကြည့်လိုက်ပြီး လှေကားဆီသို့ ရှုတည်တည် လျှောက်သွားလေတော့သည်။
ESTÁS LEYENDO
ဒီလို အေးတိအေးစက်နိုင်တဲ့ စာရေးသူမျိုးကို တွေ့ဖူးကြပါရဲ့လား?(Completed)
Romanceကျယ်ပြောလှတဲ့ အနန္တအမှောင်ထုရဲ့ အဆုံးသတ်မှာတော့ အလင်းရောင်ခြည်ဆိုတာ ရှိစမြဲပါပဲလေ... Name - Have you ever met such a cold author? Author Name - Shou Chu It's just a fun translation and I don't own this novel. I don't get any permission so I might de...