Chapter 1 (unicode)

14.7K 159 0
                                    

                   တွယ်ငြိခြင်း ၃၆၅

မူရင်းစာရေးသူ - 사하 (Saha)

ဘာသာပြန်သူ - Marilee

                                  ****

အခန်း ၁

               ဒယ်ဆန်းဆောက်လုပ်ရေးရဲ့ တစ်ဦးတည်းသောသမီး လီရယ်ဟွာ။
               ဒါပေမဲ့ ရယ်ဟွာက လုပ်ငန်းစုတစ်ခုရဲ့ တစ်ဦးတည်းသောသမီးဆိုတဲ့ ဘွဲ့ထူးအမည်ထက် တခြားနာမည်တစ်ခုနဲ့ ပိုပြီးနာမည်ကျော်သူပါ။
               'ရူဆောယွန်းရဲ့ သမီး' ဆိုတဲ့ အမည်ပေါ့။
               ကိုရီးယားရဲ့ ပန်းချီလောကမှာ ထိပ်တန်းဝင် ပြဿနာအိုးတွေထဲ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ရူဆောယွန်းကတော့ သူ့ရဲ့ ကျက်သရေရှိတင့်တယ်တဲ့ရုပ်ရည်၊ ထူးခြားတဲ့စရိုက်ကြောင့် နာမည်ကြီးအနုပညာရှင်တွေထက်တောင် ပိုပြီးကျော်စောခဲ့တယ်လေ။
               သမီးငယ်လေးကို တစ်ယောက်တည်း ပြုစုပျိုးထောင်နေတဲ့ တစ်ကိုယ်တော်အမေဖြစ်နေတာတောင် ရူဆောယွန်းကိုမှ လိုက်တွယ်ကပ်နေကြတဲ့ ယောကျာ်းသားတွေဆိုတာ အများကြီးပါပဲ။ အဲ့ဒီအထဲမှာ ဇွဲအကောင်းဆုံးကတော့ ဒယ်ဆန်းဆောက်လုပ်ရေးရဲ့ လီဂျောင်ဟွမ်ပေါ့။
               ရူဆောယွန်းကို အချိန်အကြာကြီး ပိုးပန်းပြီးတဲ့နောက်မှာ လီဂျောင်ဟွမ်တစ်ယောက် နောက်ဆုံးတော့ သူ့ကို လက်ထပ်အရယူနိုင်ခဲ့တယ်။ လက်ထပ်ပြီးတဲ့နောက်မှာ ရူဆောယွန်းတစ်ယောက် သူ့အလုပ်တွေအားလုံး ရပ်ဆိုင်းလိုက်ပြီး ဒယ်ဆန်းဆောက်လုပ်ရေးရဲ့ သူဌေးကတော်အဖြစ်ပဲ နေခဲ့တယ်။
               နှစ်ပေါင်းများစွာကြာမှပဲ တိုးတိုးတိတ်တိတ် နေနေတဲ့ ရူဆောယွန်းတစ်ယောက် တစ်ဖန်ထပ်ပြီး ပန်းချီပြန်ဆွဲခဲ့တယ်လေ။
               နောက်ခံကောင်းကောင်း ရထားလို့ပဲဖြစ်လေမလား။ ရူဆောယွန်းတစ်ယောက် သူ့ရဲ့ ပန်းချီဆွဲတဲ့စတိုင်လ်ကို လုံးဝပြောင်းလဲပစ်ပြီး တောင်ပံတွေပေါက်လာတဲ့အလား သူ့ရဲ့ အရည်အချင်း ပါရမီအထုံကို ချပြလာခဲ့တော့တယ်။ ဒီလိုနဲ့ ပြည်တွင်းမှာတင်မကဘဲ တစ်ကမ္ဘာလုံးအနှံ့က အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့တာပေါ့။
               ဒါပေမဲ့ ထိပ်ဆုံးကို တစ်ဟုန်ထိုးတက်နေတဲ့ ရူဆောယွန်းတစ်ယောက်ဟာ မရှုမလှအဆုံးသတ်နဲ့ တွေ့ခဲ့ရတယ်။ တစ်နေ့ သူ့ရဲ့ ကိုယ်ပိုင်ပန်းချီခန်းထဲမှာ ရုတ်တရက်ကြီး ဆွဲကြိုးချပြီး အဆုံးစီရင်ခဲ့တယ်လေ။
               တစ်ကိုယ်တော်အမေအဖြစ်ကနေ အလယ်အလတ်စား လုပ်ငန်းရှင်ကတော် ဖြစ်လာပြီး ပြောင်မြောက်တဲ့အရည်အချင်းနဲ့ ပန်းချီဆရာမတစ်ဦးအဖြစ် ကိုယ့်ကိုယ်ကိုယ် စတင်တည်ဆောက်နိုင်ချိန်မှာ အဆုံးစီရင်သတဲ့။
               သူ့ရဲ့ခမ်းနားကြီးကျယ်တဲ့ ဘဝအဆုံးသတ်နဲ့ ကွက်တိလိုက်ဖက်တဲ့ အံ့ဩတုန်လှုပ်စရာ သေဆုံးခြင်းပါပဲ။ စာနယ်ဇင်း မီဒီယာတွေအားလုံးက ရူဆောယွန်းရဲ့ သေဆုံးမှုသတင်းအပေါ် စုပြုံအုံဖွဲ့ပြီး သူတို့ရဲ့ သားကောင်ကို အပီအပြင်အမဲဖျက်ကြတာပေါ့။
               အဲ့ဒီအချိန်မှာ ရူဆောယွန်းရဲ့သမီး လီရယ်ဟွာကလည်း အမေဖြစ်သူနဲ့အတူ ရောပြီးအမဲဖျက်ခံခဲ့ရတယ်။
               အကြောင်းကတော့ လီရယ်ဟွာကို ရူဆောယွန်းရဲ့အလောင်းနဲ့အတူ ရှာတွေ့ခဲ့လို့ပါပဲ။ မီဒီယာက ခန့်မှန်းယူဆချက်မျိုးစုံထုတ်ပြီး ပုတ်ခတ်လှုံ့ဆော်နိုင်တဲ့ ဆောင်းပါးတွေ စိတ်တိုင်းကျရေးခဲ့ကြတာပေါ့။
               ဒါပေမဲ့ ဒယ်ဆန်းက သူတို့ရဲ့သဘောထားကို ဖော်ပြခြင်းမရှိဘဲ ဈာပနကို တိတ်တဆိတ်ပဲ ကျင်းပခဲ့တယ်။ ရူဆောယွန်း လောကကြီးထဲကနေ ထွက်သွားခဲ့ပြီး ရာသီနာရီတွေ တဖြည်းဖြည်း ပြောင်းလဲလာတာနဲ့အမျှ သူ့ရဲ့ အုတ်အော်သောင်းနင်း ဖြစ်စေခဲ့တဲ့ သေဆုံးမှုဟာလည်း တဖြည်းဖြည်း မှေးမှိန်လာတော့တာပေါ့။
               ဒီလိုနဲ့ ၁၀နှစ် ကြာပြီးတဲ့နောက်မှာ...
               ရူဆောယွန်းရဲ့သမီးဖြစ်သူဟာ ပုဂ္ဂလိက စစ်ဘက်ရေးရာ ကုမ္ပဏီတစ်ခုက ကြေးစားတစ်ယောက်နဲ့တွေ့ပြီး လက်ထပ်ဖို့ကမ်းလှမ်းခဲ့တော့တယ်။

တွယ်ငြိခြင်း ၃၆၅ [ဘာသာပြန်]Where stories live. Discover now