Chapter 2 (unicode)

8.7K 122 0
                                    

 
                  တွယ်ငြိခြင်း ၃၆၅

မူရင်းစာရေးသူ - 사하 (Saha)

ဘာသာပြန်သူ - Marilee

                                 ****

အခန်း ၂

               ကော်ဖီဆိုင်ထဲမှာ ရှိနေကြတဲ့ ဧည့်သည်တွေ အော်ဟစ်ပြီး ထွက်ပြေးကုန်ကြတော့တယ်။
               မှန်တံခါးလေးခမျာ ဝုန်းခနဲပွင့်၊ ဒိုင်းခနဲ ပြန်ပိတ်သွားပြီး တံခါးပေါ်က အလှဆင်ခေါင်းလောင်းလေးကတော့ ပရမ်းပတာ တချွင်ချွင်မြည်နေတော့တယ်။ ခေါင်းလောင်းမြည်သံနဲ့အတူ ဂွမ်ရီထယ် ဧည့်သည်အမျိုးသားကို ထိုးကြိတ်နေတဲ့အသံက ဆိတ်ငြိမ်တဲ့ ကော်ဖီဆိုင်လေးထဲမှာ ထိုးခွင်းပျံ့လွင့်လာခဲ့တယ်။
               ရယ်ဟွာကတော့ ပါးစပ်အဟောင်းသားနဲ့ အကြောင်သား ငေးကြည့်နေမိတော့တာပေါ့။ သူ လမ်းပေါ်မှာ လူတွေရန်ဖြစ်ပြီး ထိုးကြိတ်နေကြတာကို တစ်ခါမြင်ခဲ့ဖူးပါတယ်။
               သူတို့က လက်သီးကိုသာ တွန့်ဆုတ်တွန့်ဆုတ်နဲ့ လွှဲနေကြပေမဲ့ ဒီအတိုင်း ယက်ကန်ယက်ကန်ပဲ ဖြစ်နေကြတာပါ။ အမှန်အတိုင်းပြောရရင် သူတို့ပုံစံက ခွေးတွေယက်ကန်ယက်ကန် ဖြစ်နေကြသလိုပါပဲ။
               ဂွမ်ရီထယ်ကတော့ သူတို့လိုမဟုတ်ပါဘူး။ သူ့ရဲ့ ပေါ့ပါးမြန်ဆန်တဲ့လက်သီးက လျင်လွန်းတာကြောင့် သေချာတောင် မမြင်ရဘူးလေ။ ပြီးတော့ သူက ပစ်မှတ်ကို ထိအောင်ထိုးတာပါ။ ရယ်ဟွာလို ပရော်ဖက်ရှင်နယ် မဟုတ်သူတစ်ယောက်ရဲ့ အမြင်မှာတောင် သူက ဆရာကြီးပါပဲ။
               အမှုမဲ့အမှတ်မဲ့ ​မှင်တက်နေမိတဲ့ ရယ်ဟွာတစ်ယောက် ပင့်သက်ရှိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်တယ်။ ဗြောင်းဆန်နေတဲ့ ကော်ဖီဆိုင်ကို တွေ့လိုက်ရချိန်မှာ တော်တော်လေး အချိန်နှောင်းသွားခဲ့ပါပြီ။ နောက်ပိုင်း လုံခြုံရေးကင်မရာမှတ်တမ်းကို ပြန်ကြည့်လောက်မှာဖြစ်တဲ့ ဆိုင်ရှင်သူဌေးကို ဘာပြန်ပြောရမလဲဆိုတာ ကြံရာမရဖြစ်နေရပြီလေ။
               ရယ်ဟွာက အလျင်အမြန်ပဲ ကောင်တာကို ပတ်လျှောက်လာခဲ့တယ်။ ဟိုလူရဲ့ဝမ်းဗိုက်ပေါ် တက်ခွထားပြီး လက်သီးနဲ့ရွယ်ထားခဲ့တဲ့ ဂွမ်ရီထယ်က ရယ်ဟွာ့ကို လှည့်ကြည့်လိုက်တယ်။
               အဲ့ဒီအချိန်မှာ ရယ်ဟွာတစ်ယောက် အသက်အောင့်ထားလိုက်မိတော့တယ်။ သွေးစွန်းနေတဲ့ ဂွမ်ရီထယ်ကို တွေ့လိုက်ရချိန်မှာ လန့်သွားမိတဲ့အတွက် မဟုတ်ပါဘူး။
               ကျေနပ်ရွှင်မြူးမှုတစ်မျိုးလွှမ်းနေတဲ့ သူ့ရဲ့ အနက်ရောင်မျက်ဝန်းလက်လက်တွေကြောင့်ပါပဲ။ ရယ်ဟွာ့အရှေ့မှာ နိုင်လိုမင်းထက် အကြမ်းဖက်မှုကို ကျူးလွန်နေခဲ့တဲ့ ဂွယ်ရီထယ်က သူ့လုပ်ရပ်သူ သဘောတွေ့နေတာပဲ။

တွယ်ငြိခြင်း ၃၆၅ [ဘာသာပြန်]Where stories live. Discover now