Chapter 34 (zawgyi)

542 1 0
                                    

တွယ်ငြိခြင်း ၃၆၅

မူရင်းစာရေးသူ – 사하 (Saha)
ဘာသာပြန်သူ – Marilee

****

အခန်း ၃၄

တင်းတင်းကျပ်ကျပ် ပိတ်ထားတဲ့ ကွန်တိန်နာရဲ့ ဟန်ဂါတံခါးက လုံးဝပြိုလဲသွားပြီး နှစ်ဖက်စလုံးမှာ ပွင့်သွားတော့တယ်။ အတင်းတွန်းဖွင့်ခံလိုက်ရတဲ့ တံခါးမှာ နွားရိုင်းပုံအမှတ်တံဆိပ်နဲ့ ပြိုင်ကားရဲ့ ဘမ်ပါက ခေါင်းထိုးစိုက်လျက် ရှိနေခဲ့တယ်။
ဝမ်သန်းရာချီတန်တဲ့ကားနဲ့ အသာလေးဝင်အောင်းပြီး ပေါ်လာတဲ့ပုံစံကြောင့် ဂိုဒေါင်ထဲက လူမိုက်တွေ အုံအုံကြွကြွ ဖြစ်ကုန်ကြတော့တယ်။ သူတို့က ဆဲရေးပြီး ပစ္စည်းကိရိယာအမျိုးမျိုးကို ကိုင်ထားကြတာပါ။ သတ္တုပိုက်၊ ဆူးချွန်တွေပါတဲ့ နံပါတ်တုတ်နဲ့ အနက်ရောင်ဓားသွားပါတဲ့ ဓားတို့ကို ကိုင်ထားပြီး ပြိုင်ကားကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့ကြတယ်။
ဒါပေမဲ့ ကားမောင်းသူနေရာကနေ လေအိတ်ကို တိုးဖယ်ပြီး ချီတုံချတုံ ထွက်လာသူက မျက်မှန်တပ်ထားတဲ့ ပိန်ပိန်ပါးပါးလူတစ်ယောက် ဖြစ်နေခဲ့တယ်။ ဘယ်သူပဲကြည့်ကြည့် သာမန်လူတစ်ယောက်လို့သာ ထင်စရာရှိတဲ့လူက ကားပေါ်က ဆင်းလာတယ်ဆိုရင်ပဲ ​ကြမ်းပြင်ပေါ် ပုံလျက်သား လဲကျသွားခဲ့တယ်။

“ဝေါ့…”

အဲ့ဒီနောက် သူက တစ်ပုံကြီး အန်ချပစ်လိုက်တယ်။ ပျောတိပျော့ဖပ် မလှုပ်တလှုပ်ပုံစံကြောင့် လူမိုက်တွေ ခဏလောက် တွန့်ဆုတ်သွားတဲ့ အခိုက်အတန့်မှာ။
ခရီးသည်ထိုင်တဲ့ဘက်ကတံခါး ပွင့်လာခဲ့တယ်။
ကားမောင်းသူလိုမဟုတ်ဘဲ ခြေတံရှည်တွေကို ဆန့်ထုတ်ပြီး အေးရာအေးကြောင်း ဆင်းလာသူကတော့ ဂွမ်ရီထယ်ပါပဲ။ ဂွမ်ရီထယ်က ကမန်းကတန်း မတ်တတ်ထရပ်လိုက်တဲ့လူရဲ့ အိတ်ကပ်ထဲကို ပိုက်ဆံတစ်ထပ်ကြီး ထည့်ပေးလိုက်တယ်။

“တာဝန်ကျေတယ်။ မြန်မြန်သွားတော့။”

အဲ့ဒီလူက မျက်ရည်အဝိုင်းသားဖြစ်နေပေမဲ့ ပိုက်ဆံကို မြန်မြန်ယူပြီး ထွက်ပြေးခဲ့တယ်။ အဲ့ဒီလူ ထွက်ပြေးသွားတာကို အတည်ပြုပြီးတဲ့နောက်မှာ ဂွမ်ရီထယ်က ဂိုဒေါင်အတွင်းပိုင်းကို ဖြည်းဖြည်းချင်း စနည်းနာလိုက်တယ်။ သူ့အကြည့်က ရယ်ဟွာ့ဆီကို ပထမဆုံး ကျရောက်သွားခဲ့တယ်။

တွယ်ငြိခြင်း ၃၆၅ [ဘာသာပြန်]Where stories live. Discover now