Chapter 18 (zawgyi)

1.3K 6 0
                                    

တွယ်ငြိခြင်း ၃၆၅

မူရင်းစာရေးသူ – 사하 (Saha)
ဘာသာပြန်သူ – Marilee

****

အခန်း ၁၈

အမေဖြစ်သူ ရုတ်တရက် ပါးရိုက်ခံလိုက်ရပြီးတဲ့နောက်မှာ တရှုံ့ရှုံ့ငိုနေဆဲဖြစ်တဲ့ လီဆယ်ယွန်းတစ်ယောက် တန့်ခနဲ ရပ်သွားတော့တယ်။
ဂန်မီအို့ တစ်ဖက်ကို ခေါင်းလည်ထွက်သွားပြီး တောင့်တောင့်ကြီး ရှိနေချိန်မှာ လီဆယ်ယွန်းက ပါးစပ်ပိတ်နေခဲ့တယ်။ ခဏနေတော့ ဂန်မီအို့က လီဂျောင်ဟွမ်ကို ဖြည်းဖြည်းချင်း လှည့်ကြည့်လာခဲ့ပြီး မျက်နှာအပျက်ပျက်နဲ့ ပြုံးလိုက်တယ်။

“ဥ…ဥက္ကဋ္ဌကြီး…”

“ရယ်ဟွာက စိတ်ပိုင်းဆိုင်ရာအရ ရုန်းကန်နေရတယ်လို့ ငါ ဘယ်နှခါတောင် ပြောထားခဲ့သလဲ။”

လီဂျောင်ဟွမ်က သူ့လည်ပင်းက သွေးကြောတွေ ထောင်ကြွလာတဲ့အထိ အကျယ်ကြီး အော်လိုက်တယ်။

“ကလေးတွေက မသိနားမလည်လို့ဆိုရင်တောင် ဆယ်ယွန်း ရယ်ဟွာ့အရှေ့မှာ ပေါက်ကရတွေ ဘာမှမလုပ်မိအောင် ခယ်မလေးက သေချာထိန်းသိမ်းမှပေါ့။”

“တောင်းပန်ပါတယ် ဥက္ကဋ္ဌကြီး။ တကယ်တောင်းပန်ပါတယ်။ ကျွန်မ အတွေးတိမ်သွားခဲ့ပါတယ်။”

နီရဲနေတဲ့ ပါးပြင်ကို လက်နဲ့အုပ်ထားရင်း တောင်းပန်နေခဲ့တဲ့ ဂန်မီအို့က ရယ်ဟွာ့ကို လှည့်ကြည့်လာခဲ့တယ်။

“ရယ်ဟွာရေ…ငါ တောင်းပန်ပါတယ်။”

အတင်းအကျပ် ပြုံးထားရတဲ့အပြုံးကြောင့် ဂန်မီအို့ရဲ့ နှုတ်ခမ်းတွေ တုန်ယင်နေခဲ့တယ်။ သူ့မျက်လုံးတွေက ပြုံးမနေတဲ့အတွက် သူ့အပြုံးက ထော်လော်ကန့်လန့် ဖြစ်နေရုံတင်မကဘူး ကျောချမ်းစရာကြီးပါ ဖြစ်နေတော့တာပေါ့။

“အခု ခေါင်းကိုက်နေလား။ မူးရိပ်ရိပ်ဖြစ်နေတာတို့၊ နားထဲမှာ အသံတွေကြားနေတာတို့ အဲ့ဒီလိုမျိုးတွေရောရှိလား။”

ဂန်မီအို့ရဲ့ ခယဝပ်တွားနေတဲ့ပုံစံကြောင့် ရယ်ဟွာ ရွံရှာစက်ဆုပ်မိရပါတယ်။ အတိအကျပြောရရင် ရယ်ဟွာ့ကို စက်ဆုပ်မိစေတာက ဂန်မီအို့ရဲ့ အပြုအမူ မဟုတ်ပါဘူး။ ဒီလိုအခြေအနေကို ဖန်တီးခဲ့တဲ့ လီဂျောင်ဟွမ်ပါပဲ။
တခြားလူတွေအမြင်မှာတော့ သူဟာ ပြီးပြည့်စုံတဲ့ ဖခင်တစ်ယောက်ပေါ့။ သူ့ရဲ့နည်းလမ်းတွေက နည်းနည်းလွန်တယ်ဆိုပေမဲ့ အများကတော့ အရာအားလုံးထက် သမီးဖြစ်သူကို ရှေ့တန်းတင်အလေးထားတဲ့ သူ့လုပ်ရပ်တွေကို အားကျကြတယ်လေ။
ဒါပေမဲ့ ရယ်ဟွာကတော့ မွန်းကျပ်ရပါတယ်။ လီဂျောင်ဟွမ်က နေရာတကာ ဒီလိုမျိုး ပြုမူနေတော့ ရယ်ဟွာ့အနားမှာ ဘယ်သူမှမကျန်တော့ဘူးလေ။ သူက အမှားပိစိလေးကိုတောင်မှ အလွတ်မပေးတဲ့ဟာ ဘယ်သူကများ သည်းခံနိုင်မှာတဲ့လဲ။
ရယ်ဟွာ့ကို အနာကျင်စေရဆုံးကတော့ လီဂျောင်ဟွမ်ဟာ တမင်ရည်ရွယ်ချက်ရှိရှိကို ဒီလိုတွေလုပ်နေတယ်ဆိုတဲ့ သံသယပါပဲ။
ရယ်ဟွာ့ကို ကာကွယ်ပေးဖို့ဆိုတဲ့ ဆင်ခြေအောက်မှာ ရယ်ဟွာ့အတွက် ဘယ်သူမှမကျန်တော့တဲ့အထိ ရယ်ဟွာ့အပါးမှာ စုဝေးနေကြတဲ့ ဘယ်သူ့ကိုမဆို ဖယ်ရှားပစ်နေတယ်ဆိုတဲ့ သံသယပေါ့။
အရင်ကလည်း အကြိမ်ကြိမ်ကြုံတွေ့ဖူးနေကျ အဖြစ်မျိုးကို ကြုံတွေ့ရချိန်မှာ ရယ်ဟွာက တည်ငြိမ်စွာပဲ စကားစလိုက်တယ်။

တွယ်ငြိခြင်း ၃၆၅ [ဘာသာပြန်]Where stories live. Discover now