Chapter 38 (zawgyi)

346 1 0
                                    

တွယ်ငြိခြင်း ၃၆၅

မူရင်းစာရေးသူ – 사하 (Saha)
ဘာသာပြန်သူ – Marilee

****

အခန်း ၃၈

ရယ်ဟွာက ခနဲ့တဲ့တဲ့မှတ်ချက်ကို ဖြေရှင်းလိုက်တယ်။

“တကယ် ဝမ်းကွဲအစ်ကိုပါဆို။ လီဆယ်ယွန်းရဲ့အစ်ကို လီဆွန်းဝူ။ ပြီးတော့ ကျွန်မတို့က အဲ့ဒီလောက် မရင်းနှီးဘူး။”

“အဲ့ဒီလိုဆို ပိုပြီးတော့တောင် မသင်္ကာစရာ ဖြစ်ဉီးမယ်မဟုတ်ဘူးလား။”

“ဘာကလဲ။”

ဘာကြောင့် အဲ့ဒီလိုမေးလိုက်မိမှန်း မသိခဲ့ပါဘူး။ ရယ်ဟွာက ဂွမ်ရီထယ်ဆီကနေ ရုန်းထွက်ဖို့ သူ့ခန္ဓာကိုယ်ကို လူးလွန့်ရုန်းကန်ခဲ့တယ်။ ဒါပေမဲ့ ဂွမ်ရီထယ်က ရယ်ဟွာ့ကို လွှတ်ပေးဖို့ လုံးဝ စိတ်ကူးမရှိခဲ့ပါဘူး။

“ရင်းတောင်မရင်းနှီးဘဲနဲ့ ဒီလိုမျိုး စာပို့တယ်ဆိုတာ။ လုံးဝ မသင်္ကာစရာပဲ။”

တော်တော်လေးကို ပူးပူးကပ်ကပ် စကားပြောနေတာကြောင့် သည်းမခံနိုင်စရာ မရိုးမရွ ခံစားချက်မျိုး ခံစားနေခဲ့ရတယ်။ ရယ်ဟွာက ပခုံးတွေကို လှုပ်ခါရင်း အားအကုန်သုံးပြီး ဂွမ်ရီထယ်ကို တစ်ခါတွန်းဖယ်လိုက်ပြန်တယ်။
ကံကောင်းလို့ ဒီတစ်ခါတော့ ရယ်ဟွာ လွတ်မြောက်နိုင်ခဲ့တယ်။ တင်းတင်းကျပ်ကျပ် အဖက်ခံခဲ့ရတဲ့အတွက် အသက်ရှူကျပ်လှတာကြောင့် ရယ်ဟွာ့နှလုံးက မြန်မြန်ခုန်နေခဲ့တယ်။
ရယ်ဟွာ အနောက်လှည့်ပြီး ဂွမ်ရီထယ်ကို ကြည့်လိုက်တဲ့အခါ သူက တည်တည်ငြိမ်ငြိမ်မျက်နှာနဲ့ ရှိနေခဲ့တယ်။ ဒီအတိုင်း ဘာမဟုတ်တဲ့ အပြောင်အပြက်လေး လုပ်ထားမိတဲ့အလား သူက မျက်ခုံးတွေသာ ပင့်လိုက်တယ်။

“လီဂျောင်ဟွမ်ရဲ့အမိန့်အတိုင်း နားထောင်ပြီး လှုပ်ရှားတာမဟုတ်ဘူးလား။”

အဲ့ဒီသဘောအတိုင်းဆို မသင်္ကာစရာပဲဆိုတဲ့ အဓိပ္ပာယ်ပါ။ ဂွမ်ရီထယ် ဘာပြောချင်သလဲဆိုတာကို နောက်ကျမှ သဘောပေါက်လိုက်တဲ့ ရယ်ဟွာက အတွေးထဲ နစ်မျောသွားခဲ့တယ်။
ဒယ်ဆန်း ဆောက်လုပ်ရေးနဲ့ DS ဟိုတယ်တို့က လုံးဝကို တစ်ခုစီဖြစ်တဲ့ ကုမ္ပဏီတွေပါ။
နဂိုက လုပ်ငန်းခွဲတွေအဖြစ် ဆက်စပ်နေကြပေမဲ့ လီဂျောင်ဟွမ် ဒယ်ဆန်းဆောက်လုပ်ရေးရဲ့ ဥက္ကဋ္ဌဖြစ်လာပြီး လီဟက်ဆူက ဟိုတယ်ကို ယူလိုက်ချိန်မှာ သီးသန့်ကွဲထွက်သွားခဲ့ကြတယ်။
အဆင်ပြေနေတဲ့ လုပ်ငန်းစုနှစ်ခုကို ခွဲထုတ်ဖို့လိုအပ်ရတဲ့ အကြောင်းရင်းကတော့ လီဟက်ဆူ ဒယ်ဆန်းဆောက်လုပ်ရေးမှာ ဝင်ခြယ်လှယ်မှာကို တားဆီးဖို့ပါပဲ။ ဒါပေမဲ့လည်း လီဟက်ဆူက ဟိုးအရင်ကတည်းက ဒယ်ဆန်းဆောက်လုပ်ရေးကို တပ်မက်တဲ့အလိုလောဘကို လက်မလွှတ်နိုင်ခဲ့ပါဘူး။
အကြောင်းကတော့ လီဂျောင်ဟွမ်မှာ သားသမီးမရှိတဲ့အတွက်ပါပဲ။
မွေးစားသမီး ရယ်ဟွာတော့ရှိပေမဲ့ သူက စီမံခန့်ခွဲမှုကို သီးသန့်သင်ယူခဲ့ခြင်း မရှိခဲ့ပါဘူး။ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တဲ့ဆန္ဒမျိုးလည်း မပြခဲ့တာကြောင့် စိန်ခေါ်ကြည့်ရကျိုးနပ်မဲ့ ကိစ္စပဲလို့ လီဟက်ဆူက တွက်ခဲ့တယ်။
အဲ့ဒါကြောင့် လီဟက်ဆူက သူ့ရဲ့သား လီဆွန်းဝူကို သူ့ရဲ့ ဆက်ခံသူအဖြစ် တွန်းအားပေးခဲ့တယ်။
အခုလေးတင် အိုင်ဗီလိဂ်ကနေ အမ်ဘီအေ ပြီးထားတဲ့ လီဆွန်းဝူက ဒီဆောင်းတွင်းမှာ ကိုရီးယားပြန်လာပြီး DS ဟိုတယ်မှာ အလယ်အလတ် စီမံခန့်ခွဲရေး ရာထူးလောက်ကစပြီး အလုပ်ကိုသင်ယူဖို့ နဂိုက စီစဉ်ထားခဲ့တာပါ။
ဒါပေမဲ့ လီဟက်ဆူက တစ်နည်းနည်းနဲ့ သူ့သားကို ဒယ်ဆန်းဆောက်လုပ်ရေးထဲ တွန်းပို့ဖို့ အခိုင်အမာ ပိုင်းဖြတ်ထားခဲ့တယ်။ လီဂျောင်ဟွမ်က သူ့သားကို နေရာပေးဖို့ ငြင်းလိုက်တော့ သူက လီဆွန်းဝူကို ဒယ်ဆန်းဆောက်လုပ်ရေးက အလုပ်ခေါ်တဲ့အခါ ဝင်လျှောက်ခိုင်းခဲ့တယ်။
လီဆွန်းဝူမှာ လိုအပ်တဲ့အရည်အချင်း အပြည့်ရှိတာကြောင့် ကျိန်းသေပေါက် လျှောက်လွှာအောင်ခဲ့တာပေါ့။ သူ ကိုရီးယား ပြန်လာရတဲ့ အကြောင်းရင်းက ဒီတစ်ခေါက် ဒယ်ဆန်းဆောက်လုပ်ရေးရဲ့ ရေးဖြေစာမေးပွဲဖြေဖို့ ဖြစ်တယ်လို့ သိခဲ့ရတယ်။
အကယ်၍ လူတွေ့အင်တာဗျူးအဆင့်ကို တက်သွားခဲ့မယ်ဆိုရင် လီဟက်ဆူရဲ့ အဆက်အသွယ်တွေလည်း ရှိနေတာကြောင့် ကျဖို့ခက်မှာပါ။ ပြီးတော့ သူက ဒယ်ဆန်းဆောက်လုပ်ရေးမှာ အောက်ခြေကနေစပြီး သင်ယူဖို့ စီစဉ်ထားခဲ့တာလေ။ တကယ်ကို ပြင်းထန်တဲ့ အစွဲအလမ်းပါပဲ။
အဲ့ဒီလိုဆိုပေမဲ့ ရယ်ဟွာက လီဆွန်းဝူကို တော်တော်လေး အကောင်းဘက်က တွေးပေးပါတယ်။ အကြောင်းကတော့ လီဟက်ဆူတို့ မိသားစုမှာ သူက ပုံမှန်ဆန်တဲ့ တစ်ယောက်တည်းသောသူမို့လို့ပါပဲ။
သူက လီဟက်ဆူတို့၊ ဂန်မီအို့တို့၊ လီဆယ်ယွန်းတို့လို ရယ်ဟွာ့ကို အနိုင်မကျင့်ခဲ့ပါဘူး။ အဲ့ဒါနဲ့ဆန့်ကျင်ဘက် သူတို့တွေ တွေ့ဖြစ်ကြတိုင်း သူက ရယ်ဟွာ့ကို နူးညံ့ကြင်နာစွာ ဆက်ဆံပေးတယ်လေ။
တစ်ယောက်နဲ့တစ်ယောက် ပတ်သက်စရာ တကယ်လည်း အကြောင်းမရှိတဲ့အတွက် သူတို့ရဲ့ ဆက်ဆံရေးက ကောင်းခဲ့တာထင်ပါရဲ့။ ရယ်ဟွာ့ဆီ မကြာမကြာလာပြီး စနည်းနာတတ်၊ အနိုင်ကျင့်တတ်လေ့ရှိတဲ့ လီဆယ်ယွန်းလိုမဟုတ်ဘဲ လီဆွန်းဝူနဲ့ အချင်းချင်း တွေ့ဖြစ်ကြတဲ့အချိန်က မိသားစု စုဝေးတွေ့ဆုံပွဲတွေမှာ တစ်နှစ်မှ သုံးလေးနာရီလောက်ပဲ ရှိတာပါ။
လီဆွန်းဝူ အမေရိကမှာ ကျောင်းသွားတက်တဲ့အချိန်ကစပြီး သူနဲ့ လုံးဝ မတွေ့ဖြစ်တော့ဘူးလေ။ ဒါပေမဲ့ ရုတ်တရက်ကြီး ဆက်သွယ်လာတယ်ဆိုတော့။

တွယ်ငြိခြင်း ၃၆၅ [ဘာသာပြန်]Onde histórias criam vida. Descubra agora