Chapter 37 (zawgyi)

370 1 0
                                    

တွယ်ငြိခြင်း ၃၆၅

မူရင်းစာရေးသူ – 사하 (Saha)
ဘာသာပြန်သူ – Marilee

****

အခန်း ၃၇

“…ကျွန်မတစ်ယောက်တည်းလား။”

ဂွမ်ရီထယ်က သူ့ရဲ့ဖုန်းကို စားပွဲပေါ်ချထားလိုက်တယ်။ သူက ရယ်ဟွာ့ကို တည့်တည့်ကြည့်လိုက်တယ်။

“မင်းရဲ့ပန်းချီကို စိတ်ဝင်စားနေတဲ့လူတစ်ယောက်ရှိတယ်။ သူက မင်းကို လီဂျောင်ဟွမ်ဆီကနေ ကာကွယ်ပေးပြီး စိတ်ကြိုက်ပန်းချီဆွဲနိုင်အောင် ပံ့ပိုးပေးဖို့ ငွေကြေးအရင်းအမြစ် ရှိတဲ့သူပဲ။”

“အဲ့ဒီလူက မက္ကာအိုမှာလား။”

“အင်း။”

“ရှင်က ဘာဖြစ်လို့ အတူတူမလိုက်တာလဲ။”

“ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီကိုသွားရင် မင်းအတွက် အစောင့်အရှောက် မလိုတော့လို့လေ။ ပိုက်ဆံဖြုန်းပြီး ကိုယ့်ကိုဆွဲထားစရာ အကြောင်းမှမရှိတာ။”

“…”

“အကယ်၍ မက္ကာအိုကို သွားမယ်ဆိုရင် အချိန်ကိုတွက်ပြီး ကျန်တဲ့စရန်ငွေကို ပြန်ပေးမယ်…။”

“ဟင့်အင်း။”

ရယ်ဟွာက ပြောင်ရှင်းနေတဲ့ ပန်းကန်လုံးကိုကိုင်ပြီး ထရပ်လိုက်တယ်။ အဲ့ဒီနောက် သူက ပန်းကန်ကို ဘေစင်ထဲ ခပ်ကြမ်းကြမ်း ပစ်ထည့်လိုက်တယ်။ ကြွေပန်းကန် အက်သွားတဲ့အသံကို ကြားလိုက်ရပေမဲ့ ရယ်ဟွာက ကြည့်တောင်မကြည့်ခဲ့ပါဘူး။
ရှူးရှူးရှားရှားနဲ့ အသက်ပြင်းပြင်းရှူနေတာကြောင့် သူ့ရင်ဘတ်က ခုန်နေပြီး ဂွမ်ရီထယ်ကို ချာခနဲ လှည့်ကြည့်လိုက်တယ်။ ရယ်ဟွာက ခါးထောက်လိုက်ပြီး စွာကျယ်ကျယ် ပြောခဲ့တယ်။

“ကျွန်မ အလုပ်အပ်ထားတာက နောက်စရာလား။ အခြေအနေတွေကို ဘာဖြစ်လို့ စိတ်တိုင်းကျ ပြောင်းရတာလဲ။”

စကားပြောလိုက်ပြီးတဲ့နောက်မှာ စိတ်လှုပ်ရှားလာခဲ့တယ်။ ရယ်ဟွာတစ်ယောက် သူ့ရဲ့ အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်တယ်။
ဒါက ဒီလောက်ကြီးအထိ ဒေါသဖြစ်စရာကိစ္စ မဟုတ်ပါဘူး။
ဂွမ်ရီထယ်ဘက်ကကြည့်ရင် ပြောလို့ရတဲ့ စကားပါပဲ။ သူ့အလုပ်က ရယ်ဟွာ့ကို ကာကွယ်ဖို့ဆိုတော့ သူ့အလုပ်ရှင်ရဲ့ လုံခြုံရေးအတွက် အာမခံနိုင်မဲ့ နည်းလမ်းရှိတယ်ဆိုရင် ရယ်ဟွာ့ကို ပြောရမှာပဲလေ။
ဒါပေမဲ့ ဒေါသချည်း ထွက်မိရတဲ့ အကြောင်းရင်းကတော့ သူက ဘာမှမဖြစ်သလိုမျိုး ရယ်ဟွာ့ကို တစ်ယောက်တည်းထွက်သွားဖို့ ပြောလာတာကြောင့်ထင်ပါရဲ့။
ရယ်ဟွာ ဘာကြောင့်များ ကျိန်းသေပေါက် နှစ်ယောက်အတူတူ လှုပ်ရှားရမယ်လို့ တွေးမိတာဖြစ်မလဲ။
ခင်ပွန်းလို့ခေါ်ပြီး အတူတူပါနေလိုက်သေးပေမဲ့ ဒီပတ်သက်မှုက အလုပ်ပြီးသွားတာနဲ့ အဆုံးသတ်သွားမှာပါ။ ဒါပေါ့ တစ်ညတာ အတူကုန်ဆုံးခဲ့တယ်ဆိုပေမဲ့ အဲ့ဒီအတွက်လေးနဲ့ တစ်သက်လုံး တာဝန်ယူသွားစရာ အကြောင်းမရှိဘူးလေ။
ခေါင်းထဲမှာ အားလုံးကို သိနေပေမဲ့ ရယ်ဟွာ့နှလုံးသားကတော့ ဝမ်းနည်းနေပါတယ်။ ရယ်ဟွာက သူ့ခံစားချက်တွေကို တည်ငြိမ်အောင်ထိန်းလိုက်ပြီး စကားလုံးကို ရွေးချယ်လိုက်တယ်။
ဂွမ်ရီထယ်က ရယ်ဟွာ့ကို နားမလည်နိုင်သလိုမျက်လုံးတွေနဲ့ ကြည့်နေခဲ့တယ်။ သူက လက်ချောင်းထိပ်ဖျားလေးတွေနဲ့ စားပွဲကို အသာအယာ ခေါက်နေတယ်လေ။

တွယ်ငြိခြင်း ၃၆၅ [ဘာသာပြန်]Tahanan ng mga kuwento. Tumuklas ngayon