Chapter 32 (unicode)

2.2K 42 7
                                    

တွယ်ငြိခြင်း ၃၆၅

မူရင်းစာရေးသူ – 사하 (Saha)
ဘာသာပြန်သူ – Marilee

****

အခန်း ၃၂

ဂန်ဂွန်းဟို အလုပ်လုပ်တဲ့ ဆေးရုံက ကြွယ်ဝတဲ့မိသားစုတွေရဲ့ မိသားစုဝင်တွေ စိတ်ပိုင်းဆိုင်ရာဝေဒနာ ခံစားရတဲ့အခါ ကုသမှုခံယူရာ နေရာပါ။
ကုသမှုခံယူဖို့က မလွယ်တော့မှန်း သဘောပေါက်ပြီး တက္ကသိုလ်ဆေးရုံတွေမှာမဟုတ်ဘဲ အတတ်နိုင်ဆုံး သက်သောင့်သက်သာလေးတော့ ဖြစ်ချင်ကြတဲ့ မိသားစုတွေက အဓိကအားဖြင့် ဒီနေရာကို အသုံးပြုကြပါတယ်။
သူနာပြုအဖြစ် အလုပ်လုပ်နေစဉ်အတွင်းမှာ ဂန်ဂွန်းဟိုတစ်ယောက် လူနာပေါင်းစုံနဲ့တွေ့ပြီး အဖြစ်အပျက်ပေါင်းစုံ ကြုံတွေ့ခံစားခဲ့ဖူးတယ်လေ။ ကိစ္စအများစုအတွက် မျက်တောင်တောင် မခတ်မိတော့ပါဘူး။
ဒါပေမဲ့ အဲ့ဒီလို ဂန်ဂွန်းဟိုမှာတောင်မှ သူ့စိတ်ထဲ ထူးထူးခြားခြား စွဲကျန်နေတဲ့ လူနာတစ်ယောက် ရှိပါတယ်။ သူကတော့ လီရယ်ဟွာပါပဲ။
လီရယ်ဟွာနဲ့ ပထမဆုံး စတွေ့ခဲ့တဲ့နေ့က သူ့စိတ်ထဲမှာ ထင်ထင်ရှားရှား ရှိနေဆဲပါ။
အမျိုးသမီးလူနာတွေကို အမျိုးသမီး သူနာပြုက တာဝန်ယူရတာ ထုံးစံဆိုပေမဲ့ လီရယ်ဟွာကိုတော့ တစ်မူကွဲပြားပြီး အမျိုးသားသူနာပြုဖြစ်တဲ့ ဂန်ဂွန်းဟိုက တာဝန်ယူခဲ့ရတယ်။
အဲ့ဒါက ဆေးရုံ ဒါရိုက်တာရဲ့ တောင်းဆိုမှုပါ။
ဂန်ဂွန်းဟိုက ဆေးရုံမှာ အတွေ့အကြုံ အကြာဆုံးရှိတဲ့သူဖြစ်ပြီး အရေးကြီးတဲ့လူနာတွေကို မကြာမကြာ တာဝန်ယူရလေ့ရှိတာမို့ ထူးထူးခြားခြားကြီး အဆန်းဖြစ်နေတာတော့ မဟုတ်ပါဘူး။
ကြွယ်ဝတဲ့ အိမ်တစ်အိမ်က မမလေးတစ်ယောက် ရောက်လာတာပဲလို့ ပေါ့ပေါ့ပဲတွေးပြီး ဂန်ဂွန်းဟိုက လီရယ်ဟွာကို သွားတွေ့ခဲ့တယ်။
လီရယ်ဟွာက ဆေးရုံအခန်းထဲမှာ အသာလေး ထိုင်နေခဲ့တယ်။ ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်က ဆေးရုံဝတ်စုံ အသေးဆုံးဆိုဒ်ကိုတောင် အနည်းငယ်တိုပြီး ပွနေသယောင် ထင်ရစေခဲ့တယ်။ လိပ်တင်ထားတဲ့ အင်္ကျီလက်အောက်မှာ ပေါ်လွင်နေတဲ့ သူ့ရဲ့ လက်မောင်းတွေက သမင်တစ်ကောင်လို ပိန်သွယ်နေပြီး မက်မွန်ရောင်သမ်းတဲ့ အဆစ်တွေနဲ့ သူ့ရဲ့ခြေကျင်းဝတ်ကလည်း ပိန်လှီလှပါတယ်။
မျက်နှာသေးသေးသွယ်သွယ်လေးမှာ စုစည်းနေတဲ့ မျက်နှာအစိတ်အပိုင်းတွေကို အံ့ဩတကြီး ကြည့်ရှုခံစားဖို့အချိန်ပါပဲ။ ကြမ်းပြင်ကို စိုက်ကြည့်နေခဲ့တဲ့ လီရယ်ဟွာက ဖြည်းဖြည်းချင်း ခေါင်းမော့လာခဲ့တယ်။
စိတ်ငြိမ်ဆေးအရှိန်ကြောင့် ရီဝေဝေဖြစ်နေတဲ့ မျက်နှာထားနဲ့ သူ့ကို ကြည့်လာချိန်မှာ ဂန်ဂွန်းဟို ချစ်မိသွားပါတော့တယ်။
လီရယ်ဟွာ ဆေးရုံမှာနေခဲ့တဲ့ ၂နှစ်တာ ကာလအတွင်းမှာ သူက စိတ်ရောလူပါနှစ်ပြီးတော့ ဂရုစိုက်ပေးခဲ့ပြီး လီရယ်ဟွာ ဆေးရုံဆင်းသွားတဲ့နေ့မှာ သူက လူတကာထက်ပိုပြီးတော့ ဝမ်းနည်းပက်လက် ဖြစ်ခဲ့ရပါတယ်။
ပြီးတော့ နှစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာ…
အချစ်ဦးရဲ့ အမှတ်တရတွေလို မှေးမှိန်ပျောက်ကွယ်သွားခဲ့တဲ့ လီရယ်ဟွာအကြောင်း အမှတ်တရတွေကို ပြန်လည်ဆောင်ကြဉ်းလာသူကတော့ တိတ်ဆိတ်တဲ့ ဆေးရုံကို ရုတ်တရက် ရောက်လာခဲ့သူ အမျိုးသားတစ်ယောက်ပါပဲ။
မိသားစုဝင်တစ်ယောက် ဆေးရုံတက်မှာမို့လို့ ဆေးရုံကို ကြိုပြီးစစ်ဆေးကြည့်ချင်ပါတယ်၊ ပြီးတော့ အချိန်အကြာကြီး အလုပ်လုပ်ခဲ့ဖူးတဲ့သူတစ်ယောက်ကို မေးခွန်းနည်းနည်း မေးကြည့်ချင်ပါတယ်ဆိုပြီး သူ့ကို လူတစ်ယောက်က ဆက်သွယ်လာခဲ့တယ်လေ။
အချိန်ပေးရမယ်ဆိုရင်လည်း အခကြေးငွေ ပေးပါ့မယ်လို့ ပြောခဲ့တဲ့အတွက် ဂန်ဂွန်းဟိုက သူ့ရဲ့နားရက်မှာ လာတွေ့ဖို့ ချိန်းဆိုခဲ့လိုက်တယ်။
သူတွေ့လိုက်ရတဲ့ အမျိုးသားက အံ့ဩစရာပါပဲ။
ကားပါကင်မှာ ရပ်ထားတဲ့ပြိုင်ကားက ဂန်ဂွန်းဟို အိပ်မက်မက်ခဲ့ရတဲ့ကားဖြစ်ပြီး အဲ့ဒီလူဝတ်ထားတဲ့ ဝတ်စုံနဲ့ ဖိနပ်တွေကလည်း အဖိုးတန်ပစ္စည်းတွေချည်းပါပဲ။
ကြွယ်ဝမှုရဲ့ အထွတ်အထိပ်ကတော့ သူ့လက်ကောက်ဝတ်မှာ ပတ်ထားတဲ့ နာရီပါပဲ။ နာမည်ကျော် တန်ဖိုးကြီး ဘရန်းဒ်တစ်ခုရဲ့ နောက်ဆုံးထုတ် မော်ဒယ်လ်ဖြစ်ပြီး အဲ့ဒီလူမောင်းတဲ့ ကားထက်တောင် ပိုပြီးတော့ တန်ဖိုးကြီးပါသေးတယ်။
အားလုံးပေါင်းလိုက်ရင် ဘယ်လောက်တောင်ရှိမလဲ…။
ဂန်ဂွန်းဟိုတစ်ယောက် မျက်လုံးတွေပါ ချာချာလည်သွားသလိုပါပဲ။ အဲ့ဒီလူ ဝတ်ထားတာတွေအားလုံးရဲ့ တန်ဖိုးကို ပေါင်းလိုက်မယ်ဆိုရင် လမ်းလျှောက်လာတဲ့ အဆောက်အအုံတစ်ခုနဲ့ ဘာမှမခြားသလောက် ရှိမှာပါ။ ဘာလုပ်ရင် ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုက်ဆံတွေအများကြီး ရှာနိုင်လောက်မလဲဆိုတာကို အရမ်းသိချင်သွားမိခဲ့တယ်။

တွယ်ငြိခြင်း ၃၆၅ [ဘာသာပြန်]Tempat cerita menjadi hidup. Temukan sekarang