Chapter 14 (unicode)

2.8K 78 1
                                    

တွယ်ငြိခြင်း ၃၆၅

မူရင်းစာရေးသူ – 사하 (Saha)
ဘာသာပြန်သူ – Marilee

****

အခန်း ၁၄

ရယ်ဟွာရဲ့ ကော်ဖီဆိုင် အချိန်ပိုင်းအလုပ်က မနက် ၉နာရီကနေ နေ့လယ် ၁နာရီအထိပါ။
ကော်ဖီဆိုင်က သူတို့အိမ်နဲ့နီးပေမဲ့ ဧည့်သည်အများကြီးမရှိပါဘူး။ ဧရာမ မွန်စတီရာပင်ကြီးတစ်ပင် (Swiss cheese plant) အပါအဝင် အလှစိုက်ပန်းအိုးကြီးတွေ၊ သစ်သားနဲ့အလှဆင်ထားတဲ့ အတွင်းပိုင်းအပြင်အဆင်တွေနဲ့ နွေးထွေးတဲ့ ကော်ဖီဆိုင် အနေအထားလေးကိုလည်း ရယ်ဟွာ သဘောကျမိရပါတယ်။
ဘယ်ဘက်ကပဲကြည့်ကြည့် ဒီအချိန်ပိုင်းအလုပ်က ရယ်ဟွာနဲ့ ကွက်တိအံကိုက်ပါပဲ။ ရယ်ဟွာ ဒီမှာ တစ်နှစ်လုံး ကြိုးကြိုးစားစား အလုပ်လုပ်သွားဖို့ စီစဉ်ထားတယ်လေ။
ဒါပေမဲ့ အလုပ်ကြိုးစားမယ်ဆိုတဲ့ သူ့ရဲ့ သန္နိဋ္ဌာန်နဲ့ ဆန့်ကျင်စွာပဲ ပထမဆုံး အချိန်ပိုင်းအလုပ် စလုပ်တဲ့နေ့မှာ ရယ်ဟွာတစ်ယောက် အလုပ်အပေါ် အာရုံစိုက်မရခဲ့ပါဘူး။

“…”

ရယ်ဟွာက မရိုးမရွဖြစ်နေတဲ့ သူ့နှုတ်ခမ်းတွေကို အသာလေး ကိုက်ဝါးလိုက်မိတယ်။ မနေ့ညကအဖြစ်ကို ပြန်သတိရမိတိုင်း လောင်မြိုက်တဲ့အပူတစ်မျိုးက ရယ်ဟွာ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသလိုပါပဲ။
သူတို့ မနမ်းခဲ့ကြပါဘူး။
တစ်ချက်လေးတိမ်းစောင်းလိုက်ရုံနဲ့ သူတို့နှုတ်ခမ်းတွေ ထိသွားနိုင်တယ်ဆိုပေမဲ့ ဂွမ်ရီထယ်က စည်းမကျော်ခဲ့ဘူးလေ။ နှုတ်ခမ်းချင်း ထိလုထိခင်အနေအထားနဲ့ ရယ်ဟွာ့ကို အကြာကြီးစိုက်ကြည့်နေခဲ့ပြီးတဲ့နောက်မှာ သူက ရုတ်တရက် ထရပ်ပြီး အပေါ်ထပ်ကို တက်သွားခဲ့တယ်။
အဲ့ဒီနောက်မှာတော့ ရေဖွင့်သံသဲ့သဲ့ကို ကြားလိုက်ရပြီး ရုတ်တရက်ကြီး သူ ရေချိုးနေမှန်း ရယ်ဟွာ သိလိုက်ရတယ်။ ထိုင်ခုံပေါ်မှာ အချိန်အတန်ကြာ အကြောင်သားထိုင်နေမိပြီးတဲ့နောက်မှာ ရယ်ဟွာလည်း သူ့အခန်းထဲသူ ဝင်သွားခဲ့တယ်။
အဲ့ဒီလို ထူးဆန်တဲ့အနေအထားမျိုး ဖန်တီးပြီးတဲ့နောက် ဒီမနက်မှာတော့…
ချွဲဂျောင်းတစ်ယောက် ပျောက်သွားခဲ့ပြီး ဂွမ်ရီထယ်ကတော့ ရယ်ဟွာပြင်ထားပေးတဲ့ မနက်စာကို တည်တည်ငြိမ်ငြိမ်ပဲ စားနေခဲ့တယ်။ အဲ့ဒီနောက် ဘာမှမဖြစ်ခဲ့သလိုမျိုး ရယ်ဟွာ့အချိန်ပိုင်းအလုပ်ဆီကို လိုက်လာခဲ့တယ်။
ရယ်ဟွာ သူဌေးဆီကနေ ထရိန်နင်းအနည်းအကျဉ်း သင်ယူနေတုန်းမှာ သူက ဧည့်သည်ဟန်ဆောင်ရင်း ချောကလက်အေးသောက်ပြီး သူ့ရဲ့ တက်ဘ်လတ်ထ်ကို ကြည့်နေခဲ့တယ်။
သူဌေးထွက်သွားပြီးတဲ့နောက်မှာ ဂွမ်ရီထယ်တော့ မသိသလိုလုပ်နေတာ ဒီလောက်နဲ့ရပ်မှာပဲလို့ ရယ်ဟွာ တွေးလိုက်မိပေမဲ့ သူက အဲ့ဒီလိုမလုပ်ခဲ့ပါဘူး။ သူက တိတ်တဆိတ် ထိုင်နေပြီး တစ်ချက်တစ်ချက် အအေးနဲ့မုန့်တွေ မှာတာမျိုးလောက်သာ ရှိခဲ့တာပါ။
ရယ်ဟွာက ဂွမ်ရီထယ်ထိုင်နေတဲ့စားပွဲကို တစ်ချက်ကြည့်လိုက်တယ်။ သူက အနက်ရောင် လျှာထိုးဦးထုပ်ဆောင်းထားပြီး နိုင်ငံခြားဘာသာစကားတစ်မျိုးနဲ့ ဖုန်းပြောနေခဲ့တာပါ။ လေယူလေသိမ်းနဲ့ စကားသံကို နားထောင်ကြည့်ပုံအရတော့ ဂျာမန်စကားဖြစ်မဲ့ပုံပါပဲ။
တစ်ခုခုအဆင်မပြေတဲ့အလား သူက ကုလားထိုင်နောက်မှီကို မှီထားရင်း မျက်ခုံးကျုံ့ထားခဲ့တယ်။ လက်တစ်ဖက် ဘောင်းဘီအိတ်ကပ်ထဲထည့်ထားရင်း လျော့ရိလျော့ရဲ ထိုင်နေပုံက ရာဇဝတ်သားတစ်ယောက်နဲ့ တူနေတော့တယ်။
ဆိုင်ထဲမှာရှိကြတဲ့ ဧည့်သည်တွေက အားလုံးညှိထားကြတဲ့အလား ဂွမ်ရီထယ်ကို ကြည့်ကွက်ကြည့်ကွက် လုပ်နေကြတယ်။ အများစုကတော့ သူ့ကို ဂိုဏ်းစတားတစ်ယောက်ကိုကြည့်သလို ကြည့်ကြတာပါ။ သူ ဘာတွေများလုပ်နေပါလိမ့်ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ အဲ့ဒီအထဲမှာ သဘောကျတဲ့အကြည့်တွေလည်း ရောယှက်ပါဝင်နေပါတယ်။
သူက ကျိန်းသေပေါက်ကို ချောတဲ့သူပါ။ ဂွမ်ရီထယ်ရဲ့ရုပ်ရည်ကို ခံစားရမဲ့အစား ရယ်ဟွာ ရုတ်တရက် ဒေါသထွက်လာခဲ့တယ်။
သူ စိတ်ထဲဘာမှမဖြစ်ဘူးလား။
ဂွမ်ရီထယ် အေးအေးလူလူရှိနေတာကို ကြည့်ရတာ မနေ့ညတုန်းကအဖြစ်​ကို အာရုံစိုက်မိနေတဲ့သူက ရယ်ဟွာတစ်ယောက်တည်းပဲထင်ပါရဲ့။ ရယ်ဟွာ တစ်ခါထပ်ပြီး နှုတ်ခမ်းတွေကို ဖိလိုက်မိတယ်။
‘အနမ်းတစ်ပွင့်လောက်နဲ့ ပြီးသွားမှာမဟုတ်ဘူး’ ဆိုတဲ့ စကားရဲ့နောက်ကွယ်မှာ အဓိပ္ပာယ်ဝှက်တစ်ခုခုများ ရှိဦးမလားဆိုပြီး ကြိုးစားရှာဖွေကြည့်ခဲ့ပေမဲ့ အဲ့ဒီအချိန်တုန်းက ထူးဆန်းတဲ့အနေအထားနဲ့ ခံစားချက်က တစ်ခုတည်းသောအရာကိုသာ ရှင်းရှင်းလင်းလင်းကြီး ညွှန်ပြနေတယ်လေ။
ဂွမ်ရီထယ်က ရယ်ဟွာနဲ့ ခန္ဓာကိုယ်ချင်း စပ်ယှက်ချင်နေပုံပဲဆိုတာကိုပေါ့။
ဒါပေမဲ့ ဘာကြောင့်လဲဆိုတာကို ရယ်ဟွာ စဉ်းစားမရခဲ့ပါဘူး။ ဂွမ်ရီထယ်က သေရေးရှင်ရေး အခြေအနေတွေကို ဆယ်စုနှစ်တစ်ခုနီးပါး ရုန်းကန်ရှင်သန်ခဲ့တဲ့ ဝါရင့်ကြေးစားစစ်သားတစ်ယောက်ပါ။ အပေါ်ယံကြည့်လိုက်ရင် ကမူးရှူးထိုးနိုင်တဲ့သူလို့ ထင်ရပေမဲ့ လုံးဝကိုတွက်ချက်ချင့်ချိန်ပြီး တိကျသေချာစွာလုပ်ကိုင်တတ်တဲ့ လူတစ်ယောက်လေ။
အလုပ်ရှင်နဲ့ အလုပ်သမားကြားက ဆက်ဆံရေးကို ရှုပ်ထွေးအောင်လုပ်လို့ ဘာကောင်းကျိုးမှ ရှိမလာနိုင်ဘူးဆိုတာကို ဂွမ်ရီထယ် မသိစရာ အကြောင်းမရှိပါဘူး။
ဒါပေမဲ့ မနေ့ညက သူ တော်တော်လေး ခံစားချက်တွေ ပြင်းထန်နေခဲ့တယ်။ သူ့လုပ်ရပ်တွေက ကျိုးကြောင်းမသင့်တော်မှန်း သိနေပေမဲ့ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တဲ့လူတစ်ယောက်လိုမျိုးလေ။
အဖြေမရှိပေမဲ့ တစ်ခုကတော့ သေချာပါတယ်။ လတ်တလောတော့ ရယ်ဟွာ ကန်ဒိုX ရေခဲချောင်း စားနိုင်လောက်ဦးမှာမဟုတ်ဘူးဆိုတဲ့အချက်ပေါ့။
အပြစ်မရှိတဲ့ ရေခဲချောင်းကို အပြစ်တင်ပြီးတဲ့နောက်မှာ ခေါင်းလောင်းမြည်သံကြောင့် ရယ်ဟွာ့အတွေးစလည်း ပြတ်သွားတော့တယ်။ သူ့ရဲ့ အရေးမပါတဲ့အတွေးတွေကို အသာဖယ်ပြီး ဧည့်သည်ကို နှုတ်ခွန်းဆက်လိုက်တယ်။

တွယ်ငြိခြင်း ၃၆၅ [ဘာသာပြန်]Where stories live. Discover now