Chapter 44 (zawgyi)

303 0 0
                                    

တွယ်ငြိခြင်း ၃၆၅

မူရင်းစာရေးသူ – 사하 (Saha)
ဘာသာပြန်သူ – Marilee

****

အခန်း ၄၄

ရယ်ဟွာငယ်ငယ်တုန်းက ဘာမှသိပ်မသိဘဲ သူ့အဖေအကြောင်း မေးခွန်းတွေ မေးကြည့်ခဲ့ဖူးပါတယ်။ အဲ့ဒီအခါတိုင်းမှာ ရူဆောယွန်းက တောက်ပတဲ့အပြုံးလေးနဲ့ ပြန်ဖြေလေ့ရှိခဲ့တယ်။

“သေသွားပြီ။”

သေခြင်းတရားဆိုတာ ဘာမှန်းနားမလည်သေးတဲ့ ကလေးတစ်ယောက်ကို စကားလှအောင်ပြောတာတို့၊ ဝေ့လည်ကြောင်ပတ်ပြောတာတို့မလုပ်ဘဲ တဲ့တိုးပြောခဲ့တယ်လေ။
လီဂျောင်ဟွမ်နဲ့ နောက်အိမ်ထောင်ပြုပြီးတဲ့နောက်မှာ တစ်စုံတစ်ယောက်က ရယ်ဟွာ့အဖေအရင်းအကြောင်း စကားစလာတိုင်း ရူဆောယွန်းက လုံးဝကို လျစ်လျူရှုထားတတ်လေ့ရှိခဲ့တယ်။ သတ္တိမွေးပြီး မေးကြည့်ရင်တောင်မှ ရူဆောယွန်းက ရယ်ဟွာ့ကို မျက်လုံးအပြူးသားနဲ့ စိုက်ကြည့်ပြီး ပြုံးရုံသာ ပြုံးနေလေ့ရှိခဲ့တာပါ။
လောကမှာ ထပ်ပြီးမရှိတော့တဲ့သူလို လုပ်လေ့ရှိတာကြောင့် မေးခွန်းထပ်မေးနိုင်ခြင်း မရှိခဲ့ပါဘူး။ သူက သေသွားပြီလို့ ပြောခဲ့တာဆိုတော့ အဲ့ဒီလိုကနေ မေ့သွားတာဖြစ်မှာပါလေလို့ပဲ ယူဆမိခဲ့တယ်။
ဒါပေမဲ့ တစ်ခါတလေမှာ၊ တကယ့်ကို တစ်ခါတလေလေးမှာ သူ့ကို ထွေးပွေးခဲ့တဲ့ရင်ခွင်ကို ရယ်ဟွာ အမှတ်ရမိလေ့ရှိပါတယ်။ တခြားအရာတွေကတော့ ဝိုးတဝါးပဲဆိုပေမဲ့ ရင်ခွင်ကျယ်မှာ အသက်ရှူကျပ်အောင် ထွေးပွေ့ခံရတာကိုတော့ မှတ်မိနေခဲ့တယ်။
ဒါပေမဲ့ အခုတော့ အဲ့ဒီမှတ်ဉာဏ်လေးတောင်မှ မှေးမှိန်ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အဲ့ဒီအကြောင်း လုံးဝမတွေးဘဲ နေလာခဲ့တာပါ…။

“ငါသိထားတယ် ရယ်ဟွာ။”

လီဆွန်းဝူက ရယ်ဟွာ့ကို ဘယ်သူမှ မပြောပြခဲ့ဖူးတဲ့ အဖေအရင်းအကြောင်း အစဖော်လာခဲ့တယ်။ ရယ်ဟွာတောင် ဖုန်တွေကြားထဲချောင်ထိုးပြီး မေ့မေ့ပျောက်ပျောက်ထားခဲ့တဲ့ ဖြစ်တည်မှုပေါ့။

“အကုန်ပြောပြပေးမယ်။ စောစောက နင် သိချင်တယ်လို့ ပြောခဲ့တဲ့ကိစ္စကိုလည်း စုံစမ်းထားမယ်။”

တွယ်ငြိခြင်း ၃၆၅ [ဘာသာပြန်]Tempat cerita menjadi hidup. Temukan sekarang