Chapter 41 (unicode)

847 24 0
                                    

တွယ်ငြိခြင်း ၃၆၅

မူရင်းစာရေးသူ – 사하 (Saha)
ဘာသာပြန်သူ – Marilee

****

အခန်း ၄၁

စားလက်စ ရေခဲချောင်းနဲ့ အရိုက်ခံလိုက်ရတဲ့ လီဆွန်းဝူက သူ့ရဲ့စိတ်အခက်မသင့်မှုကို မဖုံးဖိနိုင်ခဲ့ပါဘူး။ သူက အသံကိုနှိမ့်ပြီး ပြန်မေးခဲ့တယ်။

“အခု ဘာလုပ်လိုက်တာလဲ။”

အဲ့ဒီလိုကနေ တစ်ချိန်တည်းမှာပဲ ရယ်ဟွာ့ကို တစ်ခါထပ်ခေါ်ဖို့ မမေ့ခဲ့ပါဘူး။

“ရယ်ဟွာ ဒီဘက်ကိုလာ။”

သူ့ရဲ့အကြည့်မှာ သတိထားနေတဲ့ အရိပ်အယောင်တွေ အတိလွှမ်းနေခဲ့တယ်။ သူ့ကိုယ်သူ ရယ်ဟွာ့ကို လူမိုက်တစ်ယောက်ရဲ့ လက်ထဲကနေ ကယ်လိုက်နိုင်တယ်လို့ ထင်မှတ်နေပုံပါပဲ။ ဒါပေါ့ သူကလည်း လူဆိုးတော့ လူဆိုးပေမဲ့ အဲ့ဒီလူဆိုးလေးက ရယ်ဟွာ့ခင်ပွန်းဖြစ်နေတာလေ။
အိုးတိုးအမ်းတမ်းဖြစ်နေတဲ့ ရယ်ဟွာက သူ့နှုတ်ခမ်းသူ ဖိကိုက်လိုက်တယ်။ လီဆွန်းဝူကြည့်ရတာ ဘာမှမသိတဲ့ပုံပါပဲ။ ရယ်ဟွာ လက်ထပ်လိုက်တဲ့အကြောင်း ကြားထားလောက်တယ်ဆိုပေမဲ့ ဂွမ်ရီထယ်က ရယ်ဟွာ့ခင်ပွန်းမှန်း သိပုံမရပါဘူး။

“အစ်ကို ဆွန်းဝူ။ အခု အထင်လွဲနေတယ်ထင်တယ်။”

ကောင်းကောင်းမွန်မွန်လေး ဘယ်လိုများ မိတ်ဆက်ပေးရမလဲလို့ တစ်ချက်တွေးကြည့်လိုက်ပေမဲ့ ဘာအကြံမှ ထွက်မလာခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ရယ်ဟွာတစ်ယောက် ရိုးရိုးရှင်းရှင်းနဲ့ စံနှုန်းမီမီပဲ မိတ်ဆက်ပေးလိုက်တော့တယ်။

“ကျွန်မ အမျိုးသားပါ။”

“…ဘာ။”

အဲ့ဒီနောက် လီဆွန်းဝူဟာလည်း လီဆယ်ယွန်းနည်းတူ တစ်ပုံစံတည်း အံ့ဩသွားခဲ့တယ်။ သူ့ကို အံ့ဩတကြီးနဲ့ မျက်လုံးအဝိုင်းသားနဲ့ ထားလိုက်ပြီး ရယ်ဟွာက လီဆွန်းဝူကို ဂွမ်ရီထယ်နဲ့ မိတ်ဆက်ပေးလိုက်တယ်။

“ရီထယ် နှုတ်ဆက်လိုက်ပါဦး။ ကျွန်မ အစ်ကိုဝမ်းကွဲပဲ။ လီဆွန်းဝူတဲ့…”

လီဆွန်းဝူက အံ့ဩမှင်တက်နေပုံရပေမဲ့ သူက အရင်စပြီး ဂွမ်ရီထယ်ဆီ လက်ကမ်းလိုက်တယ်။ သူ့ပုံစံက ဟိုးငယ်ငယ်လေးကတည်းက အပြုအမူ ကျင့်ဝတ်ပိုင်းဆိုင်ရာမှာ ကြပ်ကြပ်မတ်မတ် လေ့ကျင့်သင်ကြားပေးခြင်းခံခဲ့ရတဲ့ သူဌေးသားတစ်ယောက်လိုပါပဲ။
ဒါပေမဲ့ ဂွမ်ရီထယ်ကတော့ သူ့ဆီ လက်ကမ်းလာတာကို မြင်တာတောင်မှ ဂျင်းဘောင်းဘီထဲ လက်နှစ်ဖက်ထည့်ထားပြီး ခေါင်းသာညိတ်ပြခဲ့တယ်။

တွယ်ငြိခြင်း ၃၆၅ [ဘာသာပြန်]Where stories live. Discover now