CHAPTER 103

1.1K 157 4
                                    

" အဲ့ဒီအချိန်မှာ ငါထင်တာက မင်း မမကြီးကို တွေ့ဖို့တော့ ပြန်လာမှာပဲလို့လေ...ဒါကြောင့် သုဿာန်ကို နေတိုင်းသွားပြီး မင်းကို စောင့်နေခဲ့တာ...အခု ခုနစ်နှစ်တောင်ကြာသွားပြီ...သိရဲ့လားစစ်နျန်...မင်း ပြန်မလာခင် ငါသေသွားမှာကို ငါ ဘယ်လောက်တောင် ကြောက်နေခဲ့လဲဆိုတာ"

ပြောရင်းနဲ့ အန်ကယ်ကျောင်းက မအောင့်နိုင်တော့ဘူး။ သူ့မျက်လုံးတွေက နီရဲနေခဲ့ပြီး သောက်ရင်းနဲ့ ငိုတော့သည်။ သူ အလွန်ဝမ်းနည်းနေမှန်း သိသာထင်ရှားလေသည်။

ရှုစစ်နျန်လည်း တကယ်ကို မထိန်းနိုင်တော့ဘဲ သူ့မျက်သားတို့က နီရဲလာကာ လက်ဖမိုးပေါ် မျက်ရည်စတို့ ကြွေဆင်းကျလာခဲ့သည်။

သူ ဘယ်တုန်းကမှ မငိုခဲ့ဘူး။ အသက်ရှင်ရတာ ဘယ်လောက်ပဲ ခက်ခဲခဲ့ပါစေ သူ မငိုခဲ့ဘူး။ ဒါပေမယ့် ခုနစ်နှစ်တာ အိပ်မက်ဆိုးကြီးကို စဥ်းစားမိတော့ သူ့ကိုယ်ထဲစီးဆင်းနေတဲ့ ရှုသွေးတစ်ဝက်ကိုတောင် ဖောက်ထုတ်ချင်လောက်အောင်အထိ  သူ မုန်းတီးမိသည်။

ရှုရှင်းနျန်က သူ့ဘဝကို ဖျက်ဆီးခဲ့ရုံသာမကဘူး လူတွေအများကြီးကိုတောင် အကြောင်းပြချက်မရှိ ထိခိုက်စေခဲ့သည်။

သူရယ် ဖိုးဖိုးရယ် အန်ကယ်ကျောင်းရယ်...အားလုံးက လိပ်ပြာအကျိုးသက်ရောက်မှုလိုမျိုး ဆက်စပ်နေခဲ့သည်။ တစ်ယောက်က မကောင်းတာလုပ်လိုက်တာနဲ့ လူတိုင်းက ကံဆိုးသွားကြလေသည်။ ဒီလိုလုပ်တာက တကယ့်ကို ရှုရှင်းနျန်ရဲ့ပုံစံအစစ်ပါပဲ။

သူက အသက်ပြင်းရှူလိုက်ပြီး ခဏလောက် တွေးတောပြီးတော့ သူ့ဘက်ကနေ အစပြုပြီးစကားပြောလိုက်သည်။

" အန်ကယ်ကျောင်း အန်ကယ် ကျွန်တော်နဲ့အတူလိုက်ခဲ့ချင်လား? လွန်ခဲ့တဲ့ခုနစ်နှစ် ကျွန်တော် ဘာတွေကြုံတွေ့ခဲ့ရလည်းဆိုတာတော့ ကျွန်တော် မပြောပြနိုင်ဘူး။ ဒါပေမယ့် ကျွန်တော် တကယ်ပါ...တကယ့်ကို မားနဲ့အန်ကယ်ကို ချန်ပြီး မထွက်သွားချင်ခဲ့ပါဘူး...အန်ကယ်ပြောခဲ့တယ်မလား...မားရဲ့ဟင်းချက်ပညာကို မပျောက်ကွယ်သွားစေချင်ဘူးလို့...ဒါဆို ကြီးကျယ်တဲ့တစ်ခုခုကို​ပြုလုပ်ဖို့ ကျွန်တော်နဲ့ အတူလိုက်ခဲ့ချင်လား? ...အန်ကယ် ပြန်လာပြီဆိုတဲ့အကြောင်း ရှုမိသားစုသိသွားအောင် ပညာပေးကြရအောင်လေ..."

တန်ပြန် ( MM Translation) UNICODEWhere stories live. Discover now