38 : Punishment by kneeling

4.7K 567 29
                                    

(Unicode)
Chapter 38 : ဒူးထောက်အပြစ်ပေးခြင်း

မိဖုရားကြီးစံမြန်းရာ ဖုန်းယီနန်းဆောင်ရှေ့တွင် ထုံးကျောက်အပြည့်ခင်းထားသော ကွင်းပြင်တစ်ခုရှိသည်... ကျောက်ပြားအပြည့်ခင်းထားတာကြောင့် ခမ်းနားလှပေမဲ့ အခုလိုလူခြေတိတ်ချိန် နေ့လည်ခင်းတွေမှာဆိုရင်တော့ ဖုန်းယီနန်းဆောင်က ကျဉ်းကြပ်မှု ၊ အထီးကျန်စေသော ခံစားချက်တို့ကိုဖြစ်စေသည်...

မုဟန်ကျင်း ကုန်းကုန်းခေါ်ဆောင်သွားရာ ဖုန်းယီခန်းမအတွင်းသို့လိုက်ဝင်ခဲ့တယ်... ရာသီဥတုပူတာကြောင့်လားတော့မသိ ၊ မိဖုရားကြီးဝူ က ခန်းမအတွင်းမှာ ရှိမနေပဲ ၊ အပြင်ဖက် လေသာဆောင် ဇာမဏီသလွန်​ပေါ်တွင် စံမြန်းလို့နေပြီး အပျိုတော်၂ယောက်က ဒေါင်းမြီးယပ်တို့ဖြင့် ယပ်ခတ်ပေးနေသည်...
မိဖုရားကြီးဝူက ဇာမဏီငှက်ရေးထိုးထားသော ရွှေဝါရောင်ဝတ်ရုံကိုခမ်းနားစွါဝတ်ဆင်ထားလျက် သလွန်ပေါ်မှာခပ်မတ်မတ်ထိုင်နေပြီး မုဟန်ကျင်း တစ်လှမ်းချင်းဝင်လာတာကို မျက်စိဒေါက်ထောက်ကြည့်နေတယ်...

"ဝေ့ချန် မယ်တော်မိဖုရားကြီးကို ဂါရဝပြုပါတယ်! မယ်တော်မိဖုရားကြီးသက်တော်ရာကျော်ရှည်ပါစေ!"
မုဟန်ကျင်း ရှေ့တော်မှောက်သွားကာ ဒူးထောက်ထိုင်ချပြီး တရိုတသေဂါရဝပြုလိုက်၏...

မိဖုရားကြီးဝူ လက်ဖက်ရည်တစ်ငုံသောက်ရင်း နှုတ်ခမ်းဒေါင့်တွေကို လက်ကိုင်ပုဝါနှင့်တစ်ချက်စီတို့လိုက်ပြီးမှ မနှေးမမြန်ဖြင့် -
"ထပါလေ.. အမြန်ထပြီး ထိုင်ခုံမှာထိုင်ပါ... မင်းကချန်ဝမ်ရဲ့နှလုံးသည်းပွတ်ရတနာလေး...တော်ကြာ ဒူးထောက်ခိုင်းတာကြာသွားလို့ ဒူးနာသွားရင် ပန်ကုံး အလျော်မပေးနိုင်ဖြစ်နေပါ့မယ်"

မုဟန်ကျင်းရဲ့အကြည့်တွေက ရေသေလိုသာငြိမ်နေပြီး မိဖုရားကြီးရဲ့ခနဲ့တဲ့တဲ့စကားတွေကိုမကြားသောသူလို ယဉ်ကျေးစွာသာ ကျေးဇူးတင်စကားဆိုပြီး အပျိုတော်တစ်ယောက်လာချပေးသည့် ထိုင်ခုံပုတွင် ထိုင်လိုက်၏...

ချန်ဝမ်ဖေးရဲ့ တုံ့ပြန်မှုက သူမ မျှော်မှန်းထားသလို မဟုတ်... စိတ်ပူပန်တာ ၊ ရှက်သွေးဖြာတာတွေ တစ်ခုမှဖြစ်မနေပဲ တည်ငြိမ်စွါဖြင့်သာ ထိုင်နေသည်ကြောင့် သူမပြောဖို့ရန်ကြံစည်ထားသည်များကို မျိုချထားရသည်...

ဝမ်ဖေး သည်သာ ပထမ / ဝမ္ေဖး သည္သာ ပထမWhere stories live. Discover now