ဝိန်းရိဖန်မှာ စကားဆုံးသည်နှင့် စန်းရန်ဘက်မှ တုံ့ပြန်လာမှုကိုမစောင့်တော့ဘဲ ခပ်တည်တည်ဖြင့် လျှောက်ထွက်လာခဲ့သည်။ လမ်းလျှောက်ပုံက အတော်လေးငြိမ်ပါသော်ငြား ခြေလှမ်းများမှာတော့ လေးလံလွန်းပြီး မ,ဖို့ရာပင်မလွယ် ၊ ထို့အပြင် ဂွမ်းစများအပေါ်လမ်းလျှောက်နေရသည့် ခံစားချက်မျိုးပါ ရှိနေသေးသည်။
စန်းရန်က ဝိန်းရိဖန်တစ်ယောက် ပုံမှန်မဟုတ်နေမှန်း သတိထားမိလိုက်၍ ;
"မင်း ဘယ်လောက်တောင်သောက်ထားတာလဲ"
ဝိန်းရိဖန်က တုံ့ခနဲရပ်သွား၏။
"၁ခွက်"
စန်းရန် ;
"၁ခွက်က ဘာတွေလဲ"
ဝိန်းရိဖန် ခေါင်းရမ်းပြလာ၏။
"မသိဘူး"
စန်းရန် မျက်မှောင်ကျုံ့လိုက်ပြီး စကားသံတို့ကပါ စိတ်မကြည်တော့သည့်ပုံစံဖြစ်သွားခဲ့သည်။
"မသိဘဲနဲ့ မင်း လျှောက်သောက်လာတာလား"
ဝိန်းရိဖန် ;
"ရှောင်ထျန်း ပေးတာ"
ဝိန်းရိဖန်မှာ စက်ရုပ်တစ်ရုပ်အလား မေးသမျှပြန်ဖြေနေရုံသာရှိပြီး အမူအရာတို့မှာကား ပုံမှန်နှင့်ဘာမှမကွာခြားပေ။ အကယ်၍ တစ်ခဏတုန်းကစကားမျိုးများသာ မပြောလာခဲ့လျှင် စန်းရန်အနေဖြင့် သူမ အရက်မူးနေမှန်းပင် သိမည်မဟုတ်၏။
လဲကျသွားမည်ကိုစိုးရိမ်သည့်အတွက် စန်းရန်က အရှေ့တိုးလာပြီး လက်ဆန့်ထုတ်ကာ ထိန်းပေးမည့်ဟန်မျိုးပြုလုပ်လိုက်၏။
"မတ်မတ်ရပ်"
သူ့လှုပ်ရှားမှုကို မြင်လိုက်ရသည့်အခါတွင်တော့ ဝိန်းရိဖန် အလိုလိုနောက်ဆုတ်သွားမိပြီး လက်တစ်ဖက်က အင်္ကျီဆွယ်တာခေါင်းစွပ်ကို ဖိထားလိုက်၏။
"စန်းရန်"
"?"
သူ့မျက်ဝန်းများကို လှမ်းကြည့်ပြီး ဝိန်းရိဖန် နှုတ်ခမ်းကိုတင်းတင်းစေ့ကာ သူနှင့်အနားကပ်ဖို့ရာကြိုးစားနေသည့်အတိုင်း စကားလုံးများကိုအလေးအနက်ထားပြောလာခဲ့သည်။
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-