ချားရဟတ် တစ်ပတ်လည်ရန်ကြာချိန်မှာ ၁၅မိနစ်နီးပါး။
တိုက်တိုက်ဆိုင်ဆိုင် ချားရဟတ်ရပ်သွားပြီလည်းဖြစ်၍ နှစ်ယောက်သားက အထဲမှဆင်းလာခဲ့သည်။
ဝိန်းရိဖန်က စန်းရန်အား ဆွဲခေါ်လာခဲ့ရင်း ဖုန်းခေါ်ဆိုမှုတစ်ခု မတိုင်ခင်အချိန်က စန်းရန် ရုတ်တရက်အနားကပ်လာသည့်အကြောင်းကို ပြန်တွေးကြည့်နေမိသည်။ သူမက အရှေ့တည့်တည့်ကိုသာ ကြည့်နေမိပြီး လက်ဖဝါးတစ်ဖက်ကလည်း ကိုယ့်မျက်နှာကိုယ် မဆီမဆိုင်ပွတ်သပ်နေပါတော့သည်။
စန်းရန်ရှိသည့်ဘေးတစ်ဖက်သို့လှည့်ကြည့်လိုက်ရာ လက်ရှိအချိန်တွင် သူဟာ မည်သည့်အမူအရာမျိုးမှရှိမနေ ၊ သူ့အနေဖြင့် ခုဏလေးတုန်းက ကိစ္စအပေါ် ဘာဆိုဘာမှမခံစားရသည့်ပုံစံမျိုးပင်။
ကြည့်ရသည်မှာ ဝိန်းရိဖန်တစ်ယောက်တည်းကသာ အထင်မှားသွားပုံရသည်။
ဝိန်းရိဖန် အကြည့်လွှဲလိုက်ပြီး လက်ကိုင်ဖုန်းကိုထုတ်ကာ အချိန်တစ်ချက်ကြည့်လိုက်၏။ ၉နာရီခွဲဝန်းကျင်သာရှိသေးသည့်အတွက် ရုပ်ရှင်ကြည့်ဖို့ရာ အချိန်မီသေးသည်။ ဤသို့ဤနှယ်တွေးမိရင်း ဖုန်းကိုဖွင့်ပြီး အခုတလောရုံတင်ပြသထားသည့် ဇာတ်လမ်းများကို ရှာဖွေကြည့်လိုက်သည်။
နှစ်ယောက်သားက တိတ်တိတ်ဆိတ်ဆိတ်ဖြင့်သာ လမ်းလျှောက်နေကြလျက်သား။
စုံတွဲတစ်တွဲက ဘေးနားမှဖြတ်လျှောက်သွားသည့်အချိန်တွင်တော့ ဝိန်းရိဖန်မှာ တစ်ဖက်မိန်းကလေးပြောနေသည့်စကားကို အမှတ်တမဲ့ကြားလိုက်ရသည်။
"ချားရဟတ်ထိပ်ဆုံးမှာရောက်နေတဲ့အချိန် နမ်းတဲ့အတွဲက တစ်သက်လုံးမခွဲမခွာအတူတူနေရတယ်တဲ့....ခဏနေကျရင် ငါတို့လည်း နမ်းမှာနော်"
ယောက်ျားလေးက တပြုံးပြုံးနှင့်နားထောင်နေသော်လည်း စကားတစ်ချို့ပြန်ပြောလာသေးသည်။
"ဘယ်ကနေ ကြားလာတာတွေလဲ ၊ ကလေးဆန်လိုက်တာ"
ဝိန်းရိဖန်၏အကြည့်များက ဖုန်းမျက်နှာပြင်မှတဆင့် ထိုစုံတွဲရှိသည့်အရပ်သို့ ရောက်သွားခဲ့၏။
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-