ဝိန်းရိဖန် မွေးနေ့မတိုင်ခင် တစ်ရက်အလိုညတွင်။
စန်းရန်တစ်ယောက် ကတ်ကြေးများကို မည်သည့်နေရာတွင်သိမ်းထားမှန်းမသိသဖြင့် ဝိန်းရိဖန် ဧည့်ခန်းထဲ၌ အချိန်အတော်ကြာကြီး ရှာနေသည့်တိုင်မတွေ့။ ထို့အစား အံဆွဲထဲမှ စန်းရန်၏ဖုန်းအဟောင်းများကို အမှတ်မဲ့ရှာတွေ့သွားခဲ့သည်။
ထိုထဲမှတစ်ခုဟာ ဒီဇိုင်းဟောင်း ခလုတ်နှိပ်ရသည့်ဖုန်းအမျိုးအစား။
အစွန်းများက မီးလောင်ပြီး ပျက်စီးနေပြီဖြစ်ကာ ဘယ်လိုပင်ကြည့်ကြည့် သုံး၍မရတော့သည့်ပုံစံ။ အဘယ်ကြောင့်သိမ်းထားသေးမှန်းတော့ မသိ၏။
ဤအချင်းအရာကြောင့် ဝိန်းရိဖန်သည် အိမ်မီးလောင်သည့်နေ့က ချန်ဝေ့ဟွာ၏အင်တာဗျူးကို စန်းရန်ဖြေပေးခဲ့သည့်စကားတစ်ခွန်းအား အမှတ်ရလိုက်သည်။
---'အိမ်ခန်းနဲ့ပရိဘောဂတွေအပြင် ဖုန်းအဟောင်းလေးတစ်လုံးတော့ လောင်သွားတယ် ၊ ဒါပေမယ့်လည်း အသုံးပြုလို့မရတော့တာ ကြာပါပြီ'
ကြည့်ရသည်မှာ မီးလောင်သွားသည့်တစ်ခုက သည်တစ်ခုပင်ဖြစ်မည်။
ဝိန်းရိဖန်က အချိန်တစ်ခုကြာသည်အထိ ဗလာချည်းသက်သက်စိုက်ကြည့်နေမိ၏။ သည်အခိုက်အတန့်တွင် အိမ်တံခါးအဝင်ဝ၌ အဖွင့်အပိတ်လုပ်သည့်အသံကိုကြားလိုက်ရ၏။ သူမ လှည့်ကြည့်လိုက်လျှင် အိမ်ထဲဝင်လာပြီး ဖိနပ်လဲနေသည့်စန်းရန်ကို မြင်လိုက်ရသည်။
"ဘာတွေလုပ်နေတာလဲ"
ဝိန်းရိဖန်က 'အာ' ဟုအသံတစ်ချက်ပြု၍ ;
"ကတ်ကြေးရှာနေတာ"
စန်းရန် ;
"ကိုယ် မီးဖိုချောင်ထဲမှာ ထားထားတယ်"
"အင်း"
ဝိန်းရိဖန်က လက်ကိုင်ဖုန်းကို နေရာတကျပြန်ထည့်လိုက်ပြီး မတ်တပ်ရပ်ကာ မီးဖိုချောင်ဆီသို့ လျှောက်လာခဲ့သည်။ သူမ၏အတွေးများက ပျံ့လွင့်နေလေပြီး လက်ကိုင်ဖုန်းအကြောင်းကိုသာ တွေးမိနေသည့်အချိန် စန်းရန်က သူမ၏အနောက်မှလိုက်လာကြောင်းမြင်နေရသဖြင့် လက်ဦးမှုယူ၍ဝန်ခံလိုက်သည်။
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-