ဝိန်းရိဖန်တစ်ယောက် လက်ရှိအခြေအနေကြောင့် အနည်းငယ်ကြောင်အမ်းနေလျက်ရှိကာ မည်သို့မည်ပုံတုံ့ပြန်ရမည်မှန်းမသိ။ အနောက်ဘက်သို့လှည့်၍ ဖွင့်ထားသည့်တံခါးကိုလှမ်းကြည့်ကာ စိတ်ထဲ၌လည်း စန်းရန်၏အဖြစ်က ပစ္စည်းလာပို့ပေးသည့်ဝန်ထမ်းလေးလိုလိုပင် ခံစားလာမိတော့သည်။
"မဟုတ်ဘူးလေ ပါး....ဒီလိုနှစ်သစ်ကူးရက်ကြီးမှာ ကျွန်တော့်ကို ဘယ်နေရာသွားခိုင်းနေရတာလဲ"
စန်းရန်က အမေဖြစ်သူ လီဖင်ကိုလှမ်းကြည့်၍ ;
"မားတောင်မှ ရတယ်လို့ပြောနေပြီလေ ၊ မားက ကျွန်တော့်ကို တီဗွီကြည့်နေလို့ရတယ်တဲ့ ၊ ပါးက ဘာဖြစ်လို့ ကိုယ့်သားအရင်းကို အတင်းမောင်းထုတ်နေတာလဲ ၊ ပါး ဒါက မားကို ပုန်ကန်တဲ့လုပ်ရပ်ကြီးနော်"
"...."
လီဖင်မှာ ဤလက်ပေါက်ကပ်လွန်းသည့်သားကြောင့် ဒေါသထွက်ပြီးမသေရုံတမယ် ၊ ထို့ကြောင့် စကားအပိုဆိုမနေတော့ဘဲ စန်းရန်၏လက်မောင်းကို တန်းဆွဲခေါ်လိုက်၏။
"ဘာကို တီဗွီကြည့်မှာလဲ! ယောက်ျားကြီးဖြစ်ပြီး အိမ်ပြန်လာတဲ့အချိန် ဘာမှမလုပ်ဘဲထိုင်နေမှာ မရှက်ဘူးလား"
ထို့နောက်တွင် ဝိန်းရိဖန်ဘက်သို့ လှည့်၍ ;
"ရိဖန် ၊ သမီးက ခဏလေးထိုင်နေဦးနော်"
ဝိန်းရိဖန်၏နှုတ်မှ 'ဟုတ်'ဆိုသည့်စကားတစ်ခွန်းကို အလိုလိုဖြေလိုက်မိ၏။
စန်းရန်က လီဖင် ဆွဲခေါ်သည့်နောက်သို့ပါသွားရင်း အနောက်သို့လှည့်၍လည်း ဝိန်းရိဖန်ကိုလှမ်းကြည့်နေလေသည်။ စန်းရုံက ရယ်နေရင်း ဝိန်းရိဖန်နှင့် စကားတပြောပြောလုပ်နေကာ တစ်ခဏကြာသွားပြီးချိန်တွင်တော့ ;
"ကျစ်ကျစ် ဒီအတိုင်းထိုင်မနေနဲ့ ၊ ရိဖန်ကို ရေတစ်ခွက်ခပ်ပေးလိုက်ဦး"
"ဟုတ်"
စန်းကျစ်က လက်ရမ်းပြ၍ ;
"ရိဖန်ကျဲ ၊ ဒီမှာ လာထိုင်လေ"
ဝိန်းရိဖန် အနားသို့လျှောက်သွားပြီး ရေတစ်ခွက်ကိုယူ၍ ဝင်ထိုင်လိုက်သည်။
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-