အားလပ်ရက်ရှည်ကြီးမပြီးဆုံးခင် စုဟောက်အန်းမှ ဦးဆောင်၍ အထက်တန်းသူငယ်ချင်းများ ပြန်လည်တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။
ဖိတ်ကြားထားသည့်လူအများစုမှာ အထက်တန်းတတိယနှစ်မှ အတန်းဖော်များဖြစ်ပြီး ဝိန်းရိဖန်က အထက်တန်း ဒုတိယနှစ်အစောပိုင်း၌ ကျောင်းပြောင်းသွားသည့်သူဖြစ်သဖြင့် သူတို့အုပ်စုထဲမပါပေ။ သို့သော်လည်း စုဟောက်အန်းက သူမကိုပါ ဖိတ်ထားသည့်အပြင် စန်းရန်ရော ကျုံးစစ်ချောင်ကပါ အတူတူသွားကြရန် ပြောဆိုလာခဲ့သည်။
ဝိန်းရိဖန် ချက်ချင်းလက်ခံလိုက်သော်ငြား အလုပ်ကိစ္စများက အစဥ်အမြဲများနေခဲ့ရာ တွေ့ဆုံပွဲချိန်းထားသည့်ရက်ကို သတိတရဖြစ်မနေဘဲ မေ့သွားခဲ့သည်။ ထိုနေ့က တိုက်တိုက်ဆိုင်ဆိုင် သူမ၏ပိတ်ရက်လည်းဖြစ်နေသောကြောင့် ဝိန်းရိဖန်က အိပ်ရာထဲ၌ ဖုန်းကစားနေရင်း မသိလိုက်ဘာသာ အိပ်ပျော်သွားခဲ့၏။
အိပ်မှုန်စုံမွှားအခြေအနေကြားတွင် စန်းရန်က အိပ်ရာပေါ်မှထသွားပြီး အဝတ်အစားလဲနေသည့်အသံများကိုကြားလိုက်ရသည်။
မိနစ်အနည်းငယ်ကြာပြီးသည့်အခါ စန်းရန်က သူမအား လှမ်းခေါ်လာ၏။
"ဝိန်းရွှမ်းကျန့် ၊ အိပ်ရာထတော့"
ဝိန်းရိဖန် အထိုက်အလျောက်သာအသံပြုလိုက်၏။
"အင်း"
ထပ်၍ မိနစ်အနည်းငယ်ကြာသွားပြီးသည့်အခါ စန်းရန်က လှမ်းကြည့်လာပြီး ;
"အခု မထရင် နောက်ကျတော့မှာနော်"
ဝိန်းရိဖန်က ထိုအခါတွင်မှ ခြုံစောင်ကိုလှပ်ပြီး အိပ်ချင်နေဆဲဖြစ်သော ခပ်မှေးမှေးမျက်လုံးများကိုဖွင့်ကာ ရီဝေဝေဖြင့်တွေးကြည့်လိုက်၏။ တုံ့ပြန်ဖို့ရာ အချိန်သိပ်မယူပါသော်ငြား နှောင့်ယှက်ခံရခြင်းကြောင့် စကားသံတို့မှာတော့ အလိုမကျချေ။
"ငါ ဒီနေ့ ပိတ်ရက်ရတယ်လေ"
စန်းရန် ;
"တွေ့ဆုံပွဲ"
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-