စန်းရန်သည် ဝိန်းရိဖန်ထံမှ တုံပြန်မှုတစ်စုံတစ်ရာကို စောင့်မနေပါဘဲ ခပ်မတ်မတ်ပြန်ထိုင်လိုက်ကာ အိတ်ကပ်ထဲမှဖုန်းကိုထုတ်ပြီး နှစ်ကြိမ်ခန့်လှည့်ပတ်ကစားပြလိုက်သည်။ နောက်တွင်တော့ အခုလေးမှပဲ အိတ်ကပ်ထဲဖုန်းရှိနေကြောင်း သိသွားခဲ့သည့်ပုံစံမျိုးဖြင့် မျက်နှာပြောင်တင်းတင်းစကားဆိုလာခဲ့သည်။
"လက်စသတ်တော့ ဒီမှာရှိနေတာပါလား"
"....."
ထပ်၍ အထူးတလည် ရင်းရင်းနှီးနှီးဖြင့် သတိပေးလာပြန်သေး၏။
"ရပြီ ၊ ယူပေးစရာမလိုတော့ဘူးနော်"
စိတ်ထင်နေရုံသက်သက် ဟုတ်မဟုတ်ကိုမသိ ၊ ဝိန်းရိဖန်၏နှုတ်ခမ်းပါးမှာ ထုံချင်သလိုလိုဖြစ်နေသည်ကိုသာ ခံစားမိနေရသည်။ နဂိုကတည်းက နေရာကျဥ်းကျပ်သည်ဟုဆိုရမည့်အခန်းမှာ ပို၍ပြွတ်သိပ်လာသည့်အလား ၊ စိတ်ထင်ယောင်ထင်မှားဖြစ်နေစေသည့်အခန်းငယ်ထဲ အနွေးဓါတ်များအပြင် ခြောက်သွေ့အိုက်စပ်ခြင်းများပါ နေရာယူလာလေတော့သည်။
သူ့နှုတ်ခမ်းစွန်းအား စိုက်ကြည့်နေမိရင်းက ဝိန်းရိဖန်တစ်ယောက် ရုတ်တရက်မတ်တပ်ထရပ်ပစ်လိုက်၏။
"ငါ ပန်းသီးကိုရေသွားဆေးလိုက်ဦးမယ်"
စကားပြောပြီးသည်နှင့် ဝိန်းရိဖန်သည် စန်းရန်၏တုံပြန်မှုကိုပင်မစောင့်တော့ဘဲ ပန်းသီးနှစ်လုံးအားလှမ်းယူကာ ရေချိုးခန်းထဲဝင်လာခဲ့လိုက်သည်။ တံခါးကို အလျင်အမြန်ပိတ် ၊ နားရွက်များ သိသိသာသာကိုနီရဲနေသည့်ကိုယ့်ကိုကိုယ်အား မှန်ထဲစိုက်ကြည့်နေပြီး စိတ်အာရုံတစ်ခုလုံးကိုလည်း ထိုလျှပ်တပြက်အထိအတွေ့ကသာ ကြီးစိုးနေလေသည်။
အသက်ရှူငွေ့များကိုထိန်းရင်း ရေပိုက်ခေါင်းကိုဖွင့်လိုက်သည်။
ပန်းသီးရေဆေးဖို့ရာအတွက် အချိန်များများမယူ ၊ အရမ်းသိသာလွန်းနေမည်ကို စိုးရိမ်သည့်အတွက်လည်း ဝိန်းရိဖန်က ရေချိုးခန်းထဲ၌ ကြာကြာမနေဘဲ ဆေးကြောပြီးနောက် ပြန်ထွက်လာခဲ့လိုက်သည်။
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-