ဝိန်းရိဖန်၏ဖျော်ဖြေမှုမှာ အချိန်သိပ်မယူဘဲ အလွန်ဆုံး သုံးမိနစ်၊လေးမိနစ်ခန့်သာ ကြာမြင့်ပြီး သီချင်းသံအဆုံးတွင် သူမ၏နောက်ဆုံးကကွက်သည်လည်း တပြိုင်နက်တည်းရပ်သွားခဲ့သည်။
စက္ကန့်ပိုင်းတစ်ခုစာ ငြိမ်သက်နေသည့်ကကွက်အပြီးတွင်တော့ ဝိန်းရိဖန်က ကကွက်အနေအထားမှလှုပ်ရှားလိုက်ရင်း ပရိတ်သတ်များအား ဦးညွှတ်လိုက်သည်။ ဤအပိုင်းအခြားလေးတွင် သူမ၏ စားပွဲနေရာဆီသို့ အားတက်တရောလှမ်းကြည့်လိုက်ရာ လူအုပ်ကြီးထဲမှ စန်းရန်အား တစ်ချက်တည်းဖြင့် လှမ်းမြင်လိုက်ရ၏။
ဝိန်းရိဖန် ခပ်ဖွဖွလေး အသက်ရှိုက်လိုက်ရင်း မျက်တောင်များကလည်း တဖျတ်ဖျတ်ခတ်မိလိုက်သည်။
စင်ပေါ်မှ ဆင်းလာပြီးသည်နှင့် သူမ၏နေရာဆီသို့ အပြေးလေးပြန်လာခဲ့၏။
စန်းရန်က သူမအား ဘေးတိုက်အနေအထားဖြင့် စိုက်ငေးကြည့်နေဆဲပေ။
ဝိန်းရိဖန်၏မျက်နှာထက်တွင် မိတ်ကပ်ပါးပါးလိမ်းခြယ်ထားပြီး မျက်လုံးအောက်ဖက်ထောင့်နားတွင် ကပ်ထားသော စိန်ပွင့်လေးများကလည်း တလက်လက်တောက်ပနေသည့်အသွင်။ အခြားလုပ်ဖော်ကိုင်ဖက်များ၏ အားပေးချီးကျူးစကားများကို နားထောင်တုံ့ပြန်ပြီးနောက်တွင်တော့ ဝိန်းရိဖန်က စန်းရန်ဘက်သို့ လှည့်လာ၏။
"နင် ဘယ်အချိန်တုန်းက ရောက်တာလဲ"
"မင်းရဲ့ဖျော်ဖြေမှု မစခင်လောက်က"
စန်းရန်က ထိုင်ခုံပေါ်တင်ထားသည့် ဝိန်းရိဖန်၏အပေါ်ထပ်အင်္ကျီကို ယူပြီး သူမ၏ကိုယ်ပေါ် လွှားခြုံပေးလိုက်၍ ;
"မင်း ဒီအင်္ကျီက ဘယ်လိုဖြစ်နေတာလဲ ၊ ပိတ်စ,မလောက်တော့လို့လား"
"...."
ဝိန်းရိဖန် အသံထွက်အောင်ရယ်မိလိုက်ပြီး ;
"ဒီလိုလေးမှ ကြည့်လို့ကောင်းနေမှာလေ"
စန်းရန်က စကားထပ်မဆိုတော့ဘဲ သူမ၏အပေါ်ထပ်အင်္ကျီကိုသာ အသားတကျဖြစ်အောင် ညှိပေးနေလေ၏။ ခွန်းအားမှာ မပြင်းလွန်း မပျော့လွန်း။
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-