ဝိန်းရိဖန်၏အသက်ရှူသံများမှာ ရပ်တန့်သွားရလျက်သား။
ဦးနှောက်တစ်ခုလုံးသည်လည်း အဆက်အသွယ်ပြတ်သွားသည့်အလား ရုတ်ချည်းဗလာကျင်းသွားခဲ့ကာ နားအိမ်အတွင်း၌ တဝီဝီဆူညံသွားပါတော့သည်။ သူ ထိသွားခဲ့နေရာ၌ နောက်တစ်ကြိမ် ထပ်ထိတွေ့ခံနေရသလို ခံစားလိုက်ရပြီး နောက်တစ်ကြိမ် လောင်ကျွမ်းနေသည့်အတိုင်းပင်။
ပြင်းပြနေမှုမှာ အတိုင်းအဆမရှိ။
"အို့"
ဝိန်းရိဖန်က အလေးတနက်မရှိသလိုဟန်ဆောင်ရင်း လျစ်လျူရှုကာ မူလစကားလမ်းကြောင်းဆီသို့ ပြန်ဆွဲခေါ်လာခဲ့သည်။
"ငါလည်း မကြာခင် ဆေးရုံကိုသွားပြပြီး ဆရာဝန်နဲ့တိုင်ပင်ကုသမှာပါ"
စန်းရန်၏အကြည့်များက သူမအပေါ်၌သာရှိနေပြီး တွေးတွေးဆဆဖြင့် 'အင်း' ဟု အသံတစ်ချက်ပြုလာခဲ့သည်။ သို့သည်တိုင် သူ့ပုံစံက သူမပြောနေသည့်စကားများကို နားထောင်နေပုံမရ ၊ အာရုံမရှိသည့်အလားဖြင့် ;
"ဘာလို့ မျက်နှာတွေနီနေတာလဲ"
"ရာသီဥတုက အရမ်းပူလို့"
ဝိန်းရိဖန်က အကြည့်လွှဲလိုက်ပြီး အကြောင်းပြချက်တစ်ခုပေးလာခဲ့၏။
"အခုတလော ၄၀ ဒီဂရီစင်တီဂရိတ် နီးပါးရှိနေတာ"
"အို့"
စန်းရန်က အနောက်သို့မှီချလိုက်ပြီး လေအေးပေးစက်ရှိသည့်ဘက်သို့ တစ်ချက်လှမ်းကြည့်၍ ;
"လေအေးပေးစက် ဖွင့်ထားတယ်လေ"
"...."
"မင်း ပြန်ရောက်ရောက်ချင်းတုန်းက မျက်နှာမနီသေးပါဘူး"
စန်းရန်က ပြုံးလိုက်ရင်း သူမအား တစ်လှမ်းမျှအလွတ်မပေးချင်ပုံရသည့်အပြင် ကစားနေသည့်လေသံမျိုးနှင့်ဆိုသည်။
"လေအေးပေးစက်နားမှာကြာကြာနေလိုက်လို့ မျက်နှာနီသွားတာများလား"
"...."
စန်းရန်ဘက်မှ အလွတ်မပေးချင်နေသောကြောင့် ဝိန်းရိဖန်လည်း ကူကယ်ရာမဲ့သည့်အဆုံးတွင် အမှန်တိုင်းသာ စကားဆိုလိုက်၏။
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-