Book Extra 1
နောက်တစ်နှစ်၏ဆောင်းဦးရာသီပွဲတော်နေ့တွင် လေးယောက်သားက စန်းမိသားစုအိမ်သို့ပြန်လာပြီး ပွဲတော်ကျင်းပကြသည်။
ညစာမစားရသေးခင်ပင် ဝိန်းရိဖန်သည် ဌာနမှဖုန်းဝင်လာပြီးအခေါ်ရှိသောကြောင့် ထွက်လာခဲ့လိုက်ရပြီး ညဆယ်နာရီထိုးသည်အထိ ပြန်မရောက်လာခဲ့ပေ။ လူကြီးများက စောစောအနားယူတတ်ကြသဖြင့် စန်းရုံနှင့်လီဖင်းက ရေချိုးပြီးအိပ်ရာဝင်နှင့်နေပြီပေ။
ကျန်နေခဲ့သည့်သုံးယောက်မှာ ဘာမှလည်းလုပ်စရာမရှိသဖြင့် 'အိမ်ရှင်နေရာလု'သည့်ကစားနည်းအား စ၍ကစားကြတော့သည်။ အပျော်သဘောကစားခြင်းဖြစ်သည့်အတွက် သတ်မှတ်ထားသည့် လောင်းကြေးမှာမမြင့်ဘဲ တစ်ပွဲလျှင် ယွမ် ၁ကျပ်ကြေးသာဖြစ်ပြီး ကဒ်၏အပွင့်ချင်းတူလျှင် နှစ်ဆကြေးဖြင့် အခြားစည်းကမ်းချက်များမပါပေ။
စန်းကျစ်၏နဂိုမူလအစီအစဥ်မှာ စန်းရန်အား 'အိမ်ပိုင်ရှင်'နေရာတွင် ပုံသေထားပြီး သူမက သွမ့်ကျားရွှီနှင့်ပူးပေါင်း၍ အိမ်ပိုင်ရှင်အား တစ်စက်ကလေးမှအလျော့မပေးဘဲ အနိုင်ယူမည်ပင်။ သို့သော် သူမ ရထားသည့်ကဒ်များဟာလည်း အခြေအနေကောင်းပါသည့်တိုင် ပွဲတိုင်းလိုလို အိမ်ပိုင်ရှင်၏ အိမ်ဖွင့်ခြင်းကိုလည်း ခံနေရသည်။
စန်းကျစ်က ယခုလိုကစားနည်းမျိုးများကို ကစားလေ့မရှိသောကြောင့် လက်ရည်ကသိပ်မကောင်း။ သုံးလေးပွဲဆက်တိုက် အနှီယောက်ျားအိုကြီးနှစ်ယောက်၏ မညှာမတာအနိုင်ယူခြင်းကို ခံလာရသည့်အခါတွင်တော့ စန်းကျ်၏ဒေါသများက တရိပ်ရိပ်နှင့် ထိုးတက်လာပါတော့သည်။ ရှေ့ဆက်ကစားကြသည့်ပွဲတိုင်းလိုလိုတွင် စန်းကျစ်က မည်သည့်ကဒ်မျိုးရလာပါစေ အိမ်ပိုင်ရှင် လုပ်ပစ်သည်ချည်း။
သူမဟာ ခင်ပွန်းကိုစွန့်ပစ် ၊ အစ်ကိုအား ပစ်ပယ်လိုက်ပြီး ထိုလူနှစ်ယောက်အား ရန်ကြွေးများစွာရှိသည့်ရန်သူလို လုံးဝသတ်မှတ်ပစ်လိုက်တော့သည်။
နောက်ထပ်တစ်ပွဲစတင်သည့်အချိန်တွင် စန်းကျစ်က ကဒ်တစ်ကဒ်ကိုဆွဲထုတ်ပြီး အခေါ်အဝေါ်ပါပြောင်းပစ်လိုက်၏။ စန်းကျစ်သည် ဝိန်းရိဖန်အား အရင်က ခေါ်လေ့ရှိသည့်စကားအတိုင်း သည်းကြီးမည်းကြီးအော်လိုက်၏။
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-