ယခုနှစ်၏နှစ်သစ်ကူးအချိန်အခါမှာ ယခင်ကနှစ်များထက် နောက်ကျသည်။
နှစ်သစ်ကူးမတိုင်ခင်၏တစ်ခုသောညနေခင်းတွင် ဝိန်းရိဖန်သည် ကျုံးစစ်ချောင်နှင့် ညစာစားရန် ကြိုတင်အချိန်းအချက်ပြုထားခဲ့သည်။ ကျုံးစစ်ချောင်က နှစ်သစ်ကူးပိတ်ရက်ကာလ,စတင်နေပြီဖြစ်ကာ ယနေ့တွင် 'ရှန့်အန်း'ရပ်ကွက်ဘက်သို့ လမ်းကြုံရောက်လာရင်း ဝိန်းရိဖန်ရှိရာသို့ရောက်လာခဲ့သည်။
အလုပ်ဆင်းသည့်အခါ ဝိန်းရိဖန်က ကျုံးစစ်ချောင်နှင့် အောက်ထပ်တွင်ဆုံကြ၏။
နှစ်ယောက်သား မတွေ့ဖြစ်ခဲ့ကြသည်မှာလည်း နှစ်လနီးပါးပေ။
ဆောင်းရာသီကို တစ်ဝက်နီးပါးကျော်ဖြတ်လာကြပြီးဖြစ်သည့်အတွက်ကြောင့် ကျုံးစစ်ချောင်၏အသားအရည်မှာ ယခင်ကထက်ကိုဖြူဖွေးနေ၏။ ဆံပင်ခပ်တိုတိုညှပ်ထားပြီး အဖျားနားတွင် ကွေးကွေးလေးကောက်ထားကာ ကြည့်ရသည်မှာစိတ်ကောင်းဝင်နေသည့်ပုံပင်။
နှစ်ယောက်သားက အနီးဆုံးဟော့ပေါ့ဆိုင်ကိုသာ ရွေးလိုက်ကြသည်။
ဝိန်းရိဖန်သည် ပန်းကန်လုံးနှင့်တူအား ရေနွေးဖြင့်ကျင်းနေသည့်အချိန် အတွေးများက အနည်းငယ်လွင့်မျောသွားရသေးသည်။ တရိပ်ရိပ်နှင့်တွေးလိုက်မိသည်မှာ 'ရှန့်လန်' နိုင်ငံခြားမှပြန်ရောက်ခါစအချိန်တုန်းက သူတို့လူတစ်စု အပြင်ထွက်ထမင်းအတူတူစားခဲ့ကြသေးသည့်ကိစ္စ။ ထိုအချိန်တုန်းက ကျုံးစစ်ချောင်သည် ဝိန်းရိဖန်မှာ အမြဲတမ်းနီးနီးရေနွေးလောင်တတ်သည့်အတွက် သူတို့အနေဖြင့် ရေနွေးမကိုင်ခိုင်းရဲကြောင်း စကားအဖြစ်ပင်ပြောပြခဲ့ဖူးသည်။
စန်းရန်က ထိုစကားကို အသေအချာကြားလိုက်သည့်ပုံပင်။
ဤအချိန်တွင် ကျုံးစစ်ချောင် စကားဆိုလာခဲ့၏။
"ဒါနဲ့.....နင် အထက်တန်းတုန်းက စန်းရန်ကို ငြင်းခဲ့တာနဲ့ပတ်သတ်ပြီး သူ အခု နင်နဲ့စာရင်းရှင်းချင်တာမျိုးရှိနေနိုင်လား"
ဝိန်းရိဖန်က ထိုအခါတွင်မှ အာရုံပြန်စုစည်းသွား၍ ;
"သူ အဲ့အကြောင်းတွေပြန်ပြောနေတာမျိုးတော့မရှိဘူး"
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-