သောကြာနေ့ ညတွင်။
ဝိန်းရိဖန်သည် အဝတ်ဘီဒိုထဲမှစကတ်တစ်ချို့ကိုထုတ်ယူလာပြီး ထိုများထဲမှ ကာကီရောင်စကတ်အရှည်တစ်ထည်ကို ရွေးလိုက်၏။ သိုးမွှေးကုတ်အင်္ကျီအရှည်တစ်ထည်အား အပေါ်မှထပ်လိုက်ပြီး မိတ်ကပ်ပြင်ဆင်နေသည်မှာ နာရီဝက်နီးပါး။
ကိုယ့်ကိုယ်ကိုယ်မှန်ထဲစိုက်ကြည့်နေရင်း မျက်ခုံးများအား စူးရှနေသည်ထက် နူးညံ့သည့်ဘက်သို့လိမ်းခြယ်ထား၏။ Eyeshadow ဘူးကိုယူ ၊ မျက်ရစ်အိမ်အများအတိုင်းအဆင့်ဆင့်လိမ်းကာ မျက်လုံး၏အဆုံးနေရာအား Eyeliner ဖြင့် ခပ်ချွန်ချွန်ရေးဆွဲလိုက်သည်။
တော်တော်ကြာကြာရုန်းကန်လှုပ်ရှားပြီးနောက်တွင်တော့ ဘာမှထူးခြားမလာသည့်ခံစားချက်ကိုသာ ဝိန်းရိဖန် ခံစားမိလိုက်၏။ ထို့ကြောင့် နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး သည့်ထက်ပို၍ရုန်းကန်မနေတော့ဘဲ လက်လျော့လိုက်တော့သည်။ အိပ်ခန်းထဲမှမထွက်လာခင် စားပွဲပေါ်မှ ရေမွှေးပုလင်းကိုဖြတ်ခနဲလှမ်းမြင်လိုက်ပြီး ချိတုံချတုံဖြင့် နားရွက်အနောက်ဘက်၌ အနည်းငယ်ဖြန်းလိုက်သည်။
ဧည့်ခန်းထဲ၌ နာရီဝက်နီးပါး ထိုင်စောင့်ပြီးနောက်တွင်တော့ စန်းရန်ပြန်ရောက်လာခဲ့သည်။ အိမ်သော့ကိုချိတ်နေရင်း ဧည့်ခန်းထဲသို့ ထုံးစံအတိုင်းလှမ်းကြည့်လိုက်ရာ သူ့အကြည့်များက သူမထံ၌တော်တော်ကြာအောင်ကပ်ညှိနေပြီးသွားမှလွှဲသွားခဲ့၏။
ဝိန်းရိဖန်က မတ်တပ်ထရပ်ပြီး အလျင်းသင့်သလိုမေးလိုက်၏။
"နင် ပြန်လာတာ တစ်ခုခုလုပ်စရာရှိနေသေးလို့လား"
စန်းရန် ;
"ယူစရာရှိလို့"
ဝိန်းရိဖန်က 'အင်း' တစ်ခွန်းအသံပြုပြီး ထပ်မမေးတော့ချေ။
စန်းရန်က အိပ်ခန်းထဲဝင်သွားခဲ့ပြီး ခပ်မြန်မြန်ပင်ပြန်ထွက်လာခဲ့၏။ ယူလာသည့်ပစ္စည်းမှာလည်း ခပ်သေးသေးဖြစ်ပုံရကာ သူ့လက်ထဲတွင် ဘာဆိုဘာမှရှိမနေဘဲ ဝင်သွားသည့်အချိန်ကနှင့် မခြားမနားပင်။ သူဟာ အိမ်ပေါက်ဝဆီသို့လျှောက်သွားပြီး သူမကိုလည်း လှမ်းစကားဆိုလိုက်၏။
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-