အရင်တစ်ကြိမ် ဝိန်းရိဖန်တစ်ယောက် နန်းဝူမြို့မှ ယီဟယ်မြို့သို့ လေယာဥ်ဖြင့်ထွက်လာခဲ့သည်မှာ ၈နှစ်ခန့်ပင် ရှိပြီဖြစ်သည်။
ပေယွီ၌ စန်းရန်နှင့် နောက်ဆုံးတွေ့ပြီးသည့်နောက်တစ်နေ့တွင်ပင် ဝိန်းရိဖန်သည် အမြန်ရထားဖြင့် နန်းဝူမြို့သို့ရောက်လာပြီး ကျောက်ယွမ့်တုံထံ၌ရှိနေသော ဝိန်းလျန်ဇယ်မှ သူမအတွက်ချန်ထားပေးခဲ့သည့် ပိုက်ဆံနှင့်အချက်အလက်စာရင်းများကို သွားယူလိုက်သည်။ ထို့နောက်တွင် ဤမြို့နှစ်မြို့၌ အချိန်ကြာကြာရပ်နားနေခြင်းမျိုးပင်မရှိတော့ဘဲ ယီဟယ်မြို့သို့ တစ်ယောက်တည်း လေယာဥ်ဖြင့်ထွက်လာခဲ့သည်။
ဤအခိုက်အတန့်တွင်တော့ ဝိန်းရိဖန်၏စိတ်အခြေအနေမှာ ထိုတစ်ကြိမ်တုန်းကနှင့် လုံးလုံးလျားလျားမတူညီပါပေ။
လေယာဥ်ပြတင်းမှန်ဘေးတွင်ထိုင်ရင်း အပြင်ဘက်သို့ ငေးစိုက်ကြည့်နေမိကာ တစ်ခဏလေယာဥ်ဆင်းပြီးလျှင် သူမ ရောက်လာသည့်အကြောင်းအား စန်းရန်ထံ မည်သို့မည်ပုံပြောပြရမည့်အကြောင်း စဥ်းစားကြည့်နေမိသည်။
သူ့အတွက် အနှောင့်အယှက်ဖြစ်သွားမည်လားလည်းမသိနိုင်းချေ၏။
အပြင်ဘက်တွင် မှောင်မည်းနေပြီဖြစ်သော်ငြား ဟိုးအဝေးမှ အမည်းရောင်တိမ်စိုင်ကြီးများကိုတော့ လှမ်းမြင်နေရသေးသည်။ အထက်နှင့်အောက်ဘက်တွင် မည်းမှောင်နေသည့်ညကောင်းကင်ပြင်ကြီးသာရှိနေပြီး လေယာဥ်မီးအနီရောင်လေးမှာ မှိတ်တုတ်မှိတ်တုတ်။ လေယာဥ်အတွင်းတွင်မူ အေးချမ်းတိတ်ဆိတ်နေပြီး မှိန်ပျပျမီးရောင်အောက်မှ လူတစ်ချို့၏တီးတိုးစကားပြောသံများကိုသာ သဲ့သဲ့လေးကြားနေရသည်။
ရှည်လျားပြီးနှေးကွေးလွန်းသော အဆုံးမဲ့ခရီးတစ်ထောက်အတိုင်းပင်။
ဝိန်းရိဖန် ရုတ်တရက် သိချင်လာမိသည်မှာ.....
အတိတ်ကာလတုန်းက စန်းရန် နန်းဝူမြို့မှပေယွီမြို့သို့ အမြန်ရထားစီး၍ သူမကို လာတွေ့သည့်အကြိမ်တိုင်းတွင် မည်သို့သောခံစားချက်မျိုးများကို သယ်ဆောင်လာခဲ့ဖူးသနည်း။
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-