စန်းရန် ဆိုလိုက်သည့်စကားတစ်ခွန်း၏အသံနေအသံထားမှာ ဤကိစ္စများအပေါ် သူ လုံးဝဂရုမစိုက်သည့်အလား ၊ သူ့အတွက် အနှောင့်အယှက်တစ်ခုလိုလည်း လုံးဝမသတ်မှတ်သည့်အသွင်မျိုးနှင့် ပေါ့ပေါ့ပါးပါးနှင့်အေးအေးလူလူသာဖြစ်သည်။
"ကိုယ်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအရ....."
စန်းရန်က လက်ကိုပြန်ရုတ်သွားခဲ့ပြီး ကျန်နေသည့်စကားများအား ခပ်သွက်သွက်ရေရွတ်လိုက်သည်။
"ဘယ်ကိစ္စမှာမဆို မင်းဆီက ခွင့်ပြုချက်အရင်တောင်းရမှာလေ ဟုတ်တယ်မလား"
"အမ်"
"မဟုတ်ရင်...."
စန်းရန်က ပျင်းတိပျင်းရွဲလေသံနှင့် ;
"နစ်နာရတဲ့သူက မင်းဖြစ်သွားလိမ့်မယ်"
"....."
ဝိန်းရိဖန် ကြောင်အမ်းနေရင်း စန်းရန်၏စကားအား အလေးအနက်တွေးကြည့်နေလိုက်သည်။
"ငါ အဲ့လောက်ထိ နိုင်ထက်စီးနင်းမလုပ်ပါဘူး ၊ နင့်ပိုင်တဲ့ပစ္စည်းတွေကို နင် ကြိုက်သလိုလုပ်လို့ရတာက နင့်ရဲ့လွတ်လပ်ပိုင်ခွင့်လေ ၊ နင် သုံးချင်သလိုသုံးလို့ရတယ် ၊ ငါ့ကို မေးနေစရာမလိုဘူး"
စန်းရန်က ခေါင်းစောင်း၍လှည့်လာပြီး သူမအား အဓိပ္ပါယ်ပါပါနှင့် ကြည့်လာခဲ့သည်။
တစ်ခဏကြာကြာ တိတ်ဆိတ်နေပြီးသည့်နောက်အထိ။
စကားတစ်ခွန်းမဆိုဘဲ စိုက်ကြည့်နေသည့်တိုင် ဝိန်းရိဖန်အနေဖြင့် သူ ဆိုလိုချင်သည့်အဓိပ္ပါယ်ကို နားမလည်ပါသေးချေ။ လက်ထဲမှ တူကိုချပြီး ချိတုံချတုံဖြင့် မေးကြည့်လိုက်၏။
"နင်က ငါ့ပိုင်ဆိုင်မှုတွေကို စီစစ်ထိန်းသိမ်းပေးချင်လို့လား"
"...."
"အဲ့လိုလည်း ရတယ်လေ ၊ ဒါပေမယ့် အများကြီးတော့မရှိဘူးနော်"
ဝိန်းရိဖန်၏လစာမှာ အရင်အစမ်းခန့်ကာလကထက်များလာပါသော်ငြား မျိုးစုံသောနေထိုင်မှုစရိတ်များကြောင့် များများစားစား မစုဆောင်းမိခဲ့။
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-