စကားတစ်ခွန်းအဆုံးတွင် ဝိန်းရိဖန်၏အကြည့်များက စန်းရန်၏မျက်ဝန်းတို့မှသည် သူ့နှုတ်ခမ်းပေါ်သို့ ရုတ်ချည်းကျရောက်သွားခဲ့သည်။ သုံးလေးစက္ကန့်ကြာအောင် မလှုပ်မယှက်ရပ်နေရင်း သေသေချာချာတွေးတောကြည့်ပြီးသည့်နောက်တွင်တော့ ခြေတစ်လှမ်းနောက်ဆုတ်ပြီး ရေစိုနေသည့်တဘက်အား မူလနေရာဆီသို့ ပြန်ထားလိုက်သည်။
မျက်ဝန်းထောင့်မှတဆင့်လည်း စန်းရန်၏ပတ်တီးနေရာကို တစ်ချက်လှမ်းကြည့်လိုက်သည်။
လက်ရှိအခိုက်အတန့်တွင် ဝိန်းရိဖန်၏စိတ်ထဲ ရှင်းပြမရအောင် ဇဝေဇဝါဖြစ်နေရ၏။ အကယ်၍သာ တကယ်တမ်း သွားနမ်းပစ်လိုက်ပါက သူမဟာ အခွင့်အရေးယူတတ်သည့်မကောင်းဆိုးဝါးမနှင့် မခြားသောလူဖြစ်ရပါလိမ့်မည်။ အခုလေးတင်ပြောထွက်သွားသည့်စကားတစ်ခွန်းကလည်း တည့်တိုးဆန်လွန်းသဖြင့် သူမအနေနှင့် ကိုယ့်ကိုကိုယ်လည်း နှိမ့်ချသည့်သဘောမျိုးသက်ရောက်အောင် အဘယ်လိုယဥ်ကျေးစွာငြင်းရမည့်အကြောင်း တွေးကြည့်လိုက်သည်။
"ငါလည်း ဘာမှလုပ်ပေးနိုင်လောက်မှာမဟုတ်ဘူး"
စန်းရန်မှာ လက်ဆေးကန်ကိုမှီထားဆဲဖြစ်ကာ အောက်လျော့ကျနေသည့်မျက်ဝန်းအကြည့်မျာသည်လည်း သူ့မျက်တောင်မွှေးများက သေသေသပ်သပ်ဖုံးကာပေးထားသည်။ ရေချိုးခန်းထဲတွင် မီးထိန်ထိန်လင်းနေ၏။ ကျဥ်းမြောင်းလွန်းသည့်နေရာငယ်လေးထဲတွင် နှစ်ယောက်သားကြားရှိ အကွာအဝေးမှာလည်း နီးကပ်လွန်းလျက်ရှိရာ တစ်ဦး၏မရေရာမသေချာသည့်ခံစားချက်များကိုပင် တစ်ဦးက ဖလှယ်၍ခံစားနေရသည်။
ဝိန်းရိဖန် တံတွေးမျိုချလိုက်ပြီး အလျင်းသင့်သည့်အကြောင်းပြချက်တစ်ခုကို ပေးလာ၏။
"၁၂နာရီတောင်ထိုးတော့မှာဆိုတော့ ငါ ရေသွားချိုးလိုက်ဦးမယ်"
ခြေလှမ်း နှစ်လှမ်းစာပင် မလှမ်းရသေး။
စန်းရန်က သူမ၏လက်ကောက်ဝတ်ကို ဖမ်းဆွဲကာ ပြန်ဆွဲခေါ်လိုက်သည်။ သတိလက်လွတ်ဖြစ်နေသည့်အနေအထားတွင် သူမ၏ ပထမဆုံးအတွေးက စန်းရန်၏ဒဏ်ရာကို မထိမိစေရန်ဖြစ်ပြီး လက်ဖဝါးတစ်ဖက်က လက်ဆေးကန်အား အလိုလိုလှမ်းထောက်၍အားပြုလိုက်သည်။ တစ်ဖက်သို့ခေါင်းလှည့်ကြည့်လိုက်သည့်အခါ သူနှင့်ကြားရှိအကွာအဝေးက နဂိုကထက် ပို၍နီးကပ်သွားခဲ့၏။
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-