လှုပ်ရှားမှုတစ်ခုနောက်သို့လိုက်သွားခဲ့ရင်း လေဟာပြင်တွင်ရှိနေသည့်သူ့လက်မောင်းတစ်စုံကို ထိမိလိုက်သည့်အခါတွင်တော့ ဝိန်းရိဖန်တစ်ယောက် လျှပ်စီးဓါတ်များကူးစက်ခံသလိုပင် ခံစားလိုက်ရသည်။ လက်နောက်ပြန်ရုတ်ချင်သည့်အသိစိတ်တစ်ခုအပြင် မနေနိုင်အောင် အရှေ့သို့ဆက်တိုးချင်သည့်ဆန္ဒမျိုးပါ တစ်ပြိုင်နက်ပေါ်ပေါက်လာခဲ့သည်။
ဤရှုထောင့်မှ၏ကြည့်လျှင် သူမအနေဖြင့် ဘာဆိုဘာမှမမြင်ရချေ။
စန်းရန် ခေါင်းငုံ့ကြည့်လာသည်ကိုသာခံစားမိလိုက်ပြီး ခပ်ကျယ်ကျယ်ရင်ဘတ်တစ်စုံကလည်း နွေးထွေးမှုနှင့်အတူ မသိမသာလေးနိမ့်ချည်မြင့်ချည်ဖြစ်နေသည်။ သူမ၏အသက်ရှူငွေ့များဟာလည်း သူ့ကိုယ်သင်းရနံ့များနှင့် လုံးလုံးလျားလျားပေါင်းစည်းသွားပါတော့သည်။
ဘေးပတ်လည်တွင်ရှိနေသည့် လောကကမ္ဘာကြီးနှင့် အဆက်ဖြတ်လိုက်သလိုပါပင်။
ဤအချိန်၌ ဝိန်းရိဖန် ခံစားမိလိုက်သည်မှာ နှလုံးသားထဲမှလစ်လပ်နေခဲ့သောနေရာတစ်ခုဟာ အရာဝတ္ထုတစ်ခုခုဖြင့် တဖြည်းဖြည်း ဖြည့်ခံလိုက်ရသောခံစားချက်မျိုးဖြစ်သည်။ ထိုတည်မြဲသေချာလွန်းသည့်ခံစားချက်မှာမူ အပ်ချည်ကြိုးမျှင်လေးများဖြင့် သူမအား ရစ်နှောင်နေသည့်အလားပင်။
သူတစ်ယောက်တည်းကသာ လွှဲပြောင်းပေးနိုင်သောအနွေးဓါတ်လေးနှင့်လည်း တူပါသေးသည်။
တစ်စက်လေးမျှ ၊ အနည်းငယ်လေးမျှနှင့်ပင် လုံလောက်စေနိုင်ခဲ့သည့်အနွေးဓါတ်လေး။
ဝိန်းရိဖန်သည် သူမ၏စိတ်ခံစားချက်ကို အစွမ်းကုန်ဖုံးဖိထားပြီး အသက်ရှူနှုန်းကိုလည်း တတ်နိုင်သမျှ အငြင်သာဆုံးဖြစ်အောင် ကြိုးစားနေခဲ့သည်။
သူမအနေဖြင့် အချိန်အကြာကြီးလည်း မဖက်ထားရဲပါပေ။ ဘယ်လိုပင်ဖြစ်စေ အိပ်ပျော်ချင်ယောင်ဆောင်ထားပြီး အခြားသူအပေါ် ယခုလိုမျိုးလုပ်နေခြင်းမှာ ဂုဏ်ယူစရာကောင်းသည့်ကိစ္စလည်းမဟုတ်။
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-