စန်းရန်သည် ထိုမှတ်ဥာဏ်တစ်ခုအား ချက်ချင်း လက်ခံယုံကြည်လိုက်ခြင်းမျိုးမဟုတ် ၊ ထိုအချိန်တုန်းက ဝိန်းရိဖန်၏မျက်နှာအမူအရာ ခံစားချက်အလိုက်တုံ့ပြန်မှုတို့အား ဘယ်လိုဘယ်ပုံဖြစ်သွားခဲ့ကြောင်း ပြန်တွေးတောကြည့်သေးသည့်တိုင် မရှင်းမလင်းသာမှတ်မိနေပါတော့၏။ မျက်လုံးမှိတ်ထားသော်လည်း အိပ်မပျော်တော့သည့်အတွက် အိပ်ရာထဲမှထပြီး ရေခဲရေသောက်ရန် မီးဖိုချောင်ဆီသို့ထွက်လာသည့်အခိုက်တွင် ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်နေသော ဝိန်းရိဖန်အား တွေ့လိုက်ရတော့သည်။
ဤအခြေအနေကိုမြင်လိုက်သည်နှင့် စန်းရန်က ချက်ချင်းသဘောပေါက်လိုက်၏။ မီးဖိုချောင်ဘက်သို့မသွားတော့ဘဲ အခြားဦးတည်ရာဘက်သို့ပြောင်းပြီး ထုံးစံအတိုင်း ဘေးနားမှခုံကိုဆွဲယူ၍ သူမ၏အရှေ့တွင်ဝင်ထိုင်လိုက်သည်။
သူ့လှုပ်ရှားမှုကို သတိမထားမိသည့်အလား ဝိန်းရိဖန်က တိုင်ကပ်နာရီကိုသာ စိုက်ကြည့်နေလေ၏။
စန်းရန်က ဝိန်းရိဖန်၏လက်ကို ဆုတ်ကိုင်လိုက်ပြီးနောက် ခပ်ရေးရေးပြုံးလိုက်၏။
"ဘာဖြစ်လို့များ အကြိမ်တိုင်း ဒီနာရီကိုပဲစိုက်ကြည့်နေတာလဲ"
ဝိန်းရိဖန်က မျက်တောင်တစ်ချက်မခတ်သလို စကားတစ်ခွန်းလည်းမဆို။
"ညသန်းခေါင်အချိန်ကြီး တစ်ယောက်တည်း ဧည့်ခန်းထဲမှာနေနေတာ မကြောက်ဘူးလား ၊ ဒီနေရာမှာ မှောင်မည်းနေတယ်လေ ၊ နောက်ဆို ကိုယ် အိပ်တဲ့ချိန် တံခါးမပိတ်ထားတော့ဘူး ၊ ကိုယ့်အခန်းထဲသာ တန်းဝင်လာခဲ့ ၊ ဟုတ်ပြီလား"
ဝိန်းရိဖန်ထံမှ မည်သည့်တုံ့ပြန်မှုမျိုးမှ ရှိမလာ။
စန်းရန်က သူမ၏အရှေ့၌ထိုင်နေပြီး မည်သည့်စကားကိုမှထပ်မဆိုလာတော့ဘဲ တိတ်ဆိတ်၍သာ အဖော်ပြုပေးလိုက်သည်။
အချိန်မည်မျှကြာသွားခဲ့မှန်းမသိ။
ဝိန်းရိဖန်က နာရီထံမှ အကြည့်လွှဲသွားပြီး ခေါင်းငုံ့လာသည်ကို စန်းရန်မြင်လိုက်ရသည်။ ဒူးပေါ်တင်ထားသည့်လက်နှစ်ဖက်ကို စိုက်ကြည့်နေခြင်းဖြစ်ပြီး တစ်ဖက်မှာတော့ စန်းရန်ဆုတ်ကိုင်ထားသည့်လက်ဆိုလည်း မမှားပါပေ။ သူမ၏အမူအရာတို့မှာ အရင်အကြိမ်များအတိုင်း အခန်းထဲသို့ ထပြန်တော့မည့်ပုံစံပင်။
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-