အိပ်ခန်းထဲသို့ ပြန်ရောက်ပြီးလျှင်။
အခန်းတံခါးကိုပိတ် ၊ ဝိန်းရိဖန်က တံခါးအား ကပ်လျက်မှီထားရင်း သက်ပြင်းတစ်ချက်ချလိုက်မိ၏။ အသက်ရှူနှုန်းများငြိမ်သက်တည်ငြိမ်သွားကာမှ ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်လိုက်လျှင် တဒိတ်ဒိတ်ခုန်နေသည့်နှလုံးခုန်သံများအား အတိုင်းသားကြားနေရတော့သည်။
အတော်ကြာသည်အထိလည်း ငြိမ်ကျမသွားနိုင်ခဲ့ပေ။
ဝိန်းရိဖန် ရေပိုက်ခေါင်းကိုပိတ် ၊ မျက်နှာအား တစ်သျှူးဖြင့်သုတ်ကာ မှန်ထဲစိုက်ကြည့်နေမိလိုက်၏။ စန်းရန်နောက်ဆုံးပြောသွားသည့်စကားလုံးများမှာ ဦးနှောက်ထဲ ကပ်ညှိနေသည့်အလား ဘယ်လိုပင်ခွာချခွာချ ကွာကျမသွားနိုင်ခဲ့ချေ။
--'လုပ်ရဲရင် လာခဲ့လေ'
သူမ ဘယ်ကနေဘယ်လို လုပ်ရဲပါ့မလဲ....
သူမ ဘယ်ကနေဘယ်လို မိုးလောက်ကြီးတဲ့သတ္တိမျိုးရှိပါ့မလဲ....
ဤအကြောင်းကိုစဥ်းစားမိပြီးနောက် ဝိန်းရိဖန် နောက်တစ်ကြိမ် မျက်နှာထပ်သစ်မိကာ သူမ၏အသိစိတ်များကို ပြန်လည်ဖော််ဆောင်ဖို့ရာ ကြိုးစားပါတော့၏။
ဝိန်းရိဖန် မှတ်မိပါသေးသည် ၊ 'ငါက အဲ့လိုအဓိပ္ပါယ်မျိုးဆိုလိုတာမဟုတ်ဘူး' ဆိုသည့်ဝါကျတစ်ကြောင်းကိုသာ အားတင်း၍ပြောဆိုမိခဲ့ပြီး ထို့နောက်တွင်တော့ တစ်လှမ်းမျှမရပ်ပါတော့ဘဲ အိပ်ခန်းထဲ ဝင်လာပါတော့၏။ လွန်ခဲ့သည့်မိနစ်ပိုင်းလေးတွင်မှ ဖြစ်သွားသည့်ကိစ္စဆိုပါသည့်တိုင် သူမအနေဖြင့် ဤတစ်ကြိမ်တွင် ဘယ်လိုများကိုယ့်ကိုကိုယ် မတုန်မလှုပ်ထိန်းချုပ်ထားခဲ့သည့်အကြောင်းကိုတော့ သိပင်မသိပါတော့ပေ။
ကြည့်ရသည်မှာ တည်ငြိမ်နေသည်နှင့်လည်း တူလွန်းလှသလို....
အဝေးသို့ထွက်ပြေးနေခြင်းနှင့်လည်း တူလွန်းလှ၏။
ဝိန်းရိဖန် သက်ပြင်းကြီးကြီးချမိရင်း သူမ၏အမူအရာများက စိတ်လိုက်မာန်ပါဖြစ်သွားသလားပင် မဝေခွဲတတ်တော့၏။
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-