နေသစ် မူကြိုကျောင်းရှေ့မှာသွားစောင့်နေတာ တော်တော်ကြာပြီ။သူ ထိပ်တန်းလေးကို သူ့သားလို့သိပြီးတည်းက သွားမတွေ့ဖြစ်သေးဘူး။ခုတော့ မတွေ့ရမနေနိုင်တော့လို့ သွားတွေ့ဖို့လုပ်လိုက်တာ။ ကိုယ့်ရဲ့သွေးသားဆိုတဲ့အတွေးက နေသစ်ကို ကြောက်လန့်တဲ့ခံစားချက်မျိုးဖြစ်စေတယ်။ကိုယ့်သွေးသားမှန်းတောင်မရိပ်မိခဲ့တဲ့ ကိုယ့်ကိုကိုယ်လည်း ဒေါသထွက်မိတယ်။
နေသစ် အတွေးလွန်နေတုန်း။ ကလေးအချို့ကျောင်းထဲက ထွက်လာကြတယ်။ မိဘလာကြိုတဲ့သူတွေက သူတို့မိဘတွေစီ အပြေးသွားနေကြတယ်။ အချို့ကလေးတွေကြ ကျောင်းရှေ့က ကျောင်းကားပေါ်ကို တန်းစီပြီးတက်သွားကြတယ်။ ကလေးတွေကုန်သွားပေမယ့် ထိပ်တန်းလေးကိုမတွေ့ပေ။အဲ့ဒါကြောင့် ဆရာမတစ်ယောက် ယောက်ကိုသာမေးကြည့်ဖို့လုပ်လိုက်တယ်။
"ဆရာမ ခင်မျ"
ကလေးတွေပြန်တာကိုစောင့်ကြည့်ပေးနေတဲ့ ဆရာမလေး တစ်ယောက်ကိုတွေ့တာနဲ့ သူ့ကိုပဲမေးဖို့လုပ်လိုက်တယ်။
"ဟုတ်ကဲ့ ဘာကိစ္စရှိလို့လဲ မသိဘူးရှင့်"
"ထိပ်တန်းလေးကို မတွေ့လို့ပါ။"
"ထိပ်တန်းလေးနဲ့ ဘာတော်လဲရှင့်"
"အာ....ဦးလေးပါ ခင်မျ"
"အော် ကလေးက နေမကောင်းလို့ ဒီနေ့ကျောင်းမလာဘူးရှင့်"
"ဟုတ်လား နေမကောင်းတာကြာပြီလား ဆရာမ"
"ကျောင်းမလာတာတော့ သုံးရက်လောက်ရှိပြီ ကျွန်မကိုခွင့်ပြုပါဦးနော် ကလေးတွေကြည့်ရဦးမှာမို့လို့။"
"အော်...ရပါတယ်ခင်မျ ခုလိုပြောပြပေးလို့ကျေးဇူးပါနော်"
"ရပါတယ်ရှင့်"
သားလေးနေမကောင်းဖြစ်တာ ကြာနေပြီပဲ။
ကိုယ့်သား နေမကောင်းဖြစ်တာတောင် ကိုယ်ကသူ့ဘေးမရှိနိုင်တာ ဘယ်လောက်ရင်နာစရာကောင်းလဲ။ သားလေးကို တစ်ခေါက်လောက်ဖြစ်ဖြစ် သွားကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။
"ငါ ငါ့သားလေးကိုရအောင်သွားကြည့်မယ်ကွာ"_______________
"သုတ....သုတ....ထဦး ဆေးသောက်ရမယ်
ဆန်ပြုတ်ကိုအရင်သောက်"