တလက်လက်တောက်ပနေသော ဝါ၊ စိမ်း၊နီ မီးရောင်များကိုကြည့်ပြီး ကြယ်တစ်ယောက် မျက်စိနောက်နေလျှက်...။ တစ်ခန်းလုံးလင်းအောင် ဖွင့်ထားတာမဟုတ်ဘဲ အမှောင်ထဲမှာမှ ထိုမီးရောင်တွေက အလှည့်ကျနဲ့ပေါ်နေတာ....။
နိုင်ငံခြားသီချင်းသံဆူဆူတွေက နားကွဲလောက်အောင် ဖွင့်ထားသေး...။ ဟိုတစ်စုဒီတစ်စု ကတဲ့သူတွေက.ကကြ၊ စကားပြောတဲ့လူတွေက စကားပြောကြနဲ့....tvထဲမှာပဲ မြင်ခဲ့ရတဲ့ နေရာတစ်ခုကို ချေမိုးကျေးဇူးနှင့်ကြယ်ပါ ရောက်ရှိနေသည်။
ဒီနေ့သည် ၂၀၁၈၏ နောက်ဆုံးကျန်ရှိသောနေ့ရက်ဖြစ်သည့်အတွက်....
နှစ်သစ်ရောက်ခါနီးပြီမို့ ဒီလိုမျိုးပျော်ပွဲ၊ ရွှင်ပွဲနှင့်ကြိုဆိုကြတာပါတဲ့...။
ကြယ်ကမလိုက်ချင်...၊ ချေမိုးက အတင်းခေါ်သည်မို့....
မဝတ်ချင်တဲ့ အဝတ်အစားတွေဝတ်ပြီး လိုက်လာခဲ့ရသည်။ချေမိုးလိုမျိုး ဘောင်းဘီကြပ်ကြပ်တွေ မဝတ်ချင်ဘူးဆို၍ နည်းနည်းသက်တောင့်သက်သာပိုရှိသော စတိုင်ပင်ဘောင်းဘီကို ကြယ်ဝတ်ဖို့ဆိုကာ ချေမိုးက ချက်ချင်းပင်ဝယ်ပေးသည်။ အင်္ကျီကတော့ အောက်ကတီရှပ်အဖြူကို အပေါ်ကအပြာရင့်ရောင် ကုတ်အင်္ကျီကို ထပ်ဝတ်ပြီး အပြာရင့်ရောင် စတိုင်ပင်ဘောင်းဘီနှင့် သပ်ရပ်ခန့်ငြားနေသော ကြယ့်ကိုကြည့်ကာ ချေမိုးမှာ သဘောကျလွန်း၍ ဓာတ်ပုံတောင် ရိုက်ထားခဲ့သေးသည်။
သေချာသည်က ဓာတ်ပုံထဲတွင် ကြယ်ပြုံးနေလိမ့်မည် မဟုတ်....။ကြယ်ရောက်နေတဲ့နေရာက အတော်ကျယ်သည်။ ဟောခန်းလိုမျိုး ခန်းမအကြီးကြီးထဲတွင် ခန်းမထိပ်မှာက စင်မြင့်တစ်ခုနှင့် စင်အောက်တွင် ကနေကြသူ လူတစ်စု...၊ ထိုလူတစ်စု၏ နောက်တွင်မှ စားပွဲဝိုင်းတွေ ထားထားပေးသည်။ စားပွဲဝိုင်းများပေါ်တွင် ပန်းပွင့်ပုံဖော်ထားသော အနီရောင်လက်ကိုင်ပဝါ သုံးလေးခုစီချထားသည်။ ဘာမှမထည့်ထားသော ဖန်ခွက် အလွတ်တွေကလည်း မှောက်လျှက်....။ ပန်းကန်ပြားတွေသည်လည်း မှောက်လျှက်.....။
စားစရာတွေကိုတော့ စားပွဲဝိုင်းတွေနှင့် မလှမ်းမကမ်းက ခုံတန်းရှည်ကြီးပေါ်တွင် စုံလင်အောင်ချထားသော ဗန်းများဆီမှ ကိုယ်ကြိုက်တာ ယူစားလို့ရသည်ဟု ကိုစိုးဦးကပြောသည်။
YOU ARE READING
CHANGE(ချိန်း)Completed(Z&U)
Romanceတစ်လောကလုံးကို သူလုပ်ကျွေးထားရသလိုပုံစံမျိုးနဲ့ လူတကာကို ချေတဲ့ကောင်လေးတစ်ယောက်...... ဘဝမှာ စိတ်ထားလေးကလွဲရင် ဘာပိုင်ဆိုင်မှုမှမရှိတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ဆုံပြီးတဲ့နောက်...Change........