နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်ခါနီးပြီဖြစ်တာတောင် ချေမိုးတစ်ယောက် အလုပ်များနေသည်ကတော့ မပြောင်းမလဲပင်။ အခုတလော ကားရိုက်တွေဆက်နေ တာကြောင့် အိမ်မကပ်ဖြစ်သည့်အပြင် ကြယ်နှင့် သေသေချာချာ မျက်နှာချင်းဆိုင် စကားပြောရန်ပင်
အချိန်မရှိ။အစတုန်းကတော့ ကြယ်သည် ချေမိုးသွားရာနောက်သို့ တကောက်ကောက် လိုက်ပါနေသော်ငြား အနားယူချိန်နည်း၍ ရိုက်ကူးချိန်များနေသော ရုပ်ရှင်အဖွဲ့တွေကြားထဲတွင် ဟိုယောင်ယောင်ဒီယောင်ယောင်နှင့် နေလိုစိတ်လည်း မရှိတာကြောင့် ကလေးတွေဆီမှာပင် တနေကုန် နေဖြစ်နေသည်။
အိမ်မှာနေလည်း တစ်ယောက်တည်းမို့ ချေမိုးကစိတ်မချ။
"ငါလည်းယောကျ်ားလေးပါကွ"ဟု ကြယ်ပြောသည့် အချိန်တိုင်း ချေမိုးကခပ်ပြေပြေပြုံးကာ ကြယ့်နှာခေါင်းလေးကို လက်နှင့်ဖျစ်ညှစ်ရင်း"ယောကျ်ားလေးဖြစ်လည်း ငါနဲ့အတူမရှိတဲ့
ဘယ်နေရာမှာမှ မင်းကိုစိတ်မချဘူး..." ဟု ပြန်ပြောတတ်သော ချေမိုးကြောင့် ကြယ်ပြုံးပန်းဝေခဲ့ရသည်မှာ အခါခါ။ဒီလိုစကားမျိုးကြားတိုင်း ကြယ်ပျော်သည်။ ယောကျ်ားလေးနှစ်ယောက် အတူတူနေချိန်ကြာလာသည့်အခါ ဘယ်လိုတွေပြောင်းလဲလာမလဲ ဆိုသည့်အကြောင်း ကြယ်တစ်ခါမှမတွေးခဲ့ဖူးပေမဲ့ တစ်ခါတစ်လေကျ အတွေးနယ်ချဲ့ခဲ့သည့်အခါ ချေမိုးကလည်း ကြယ့်အပေါ် သစ္စာရှိနေသလို ကြယ်ကလည်း ချေမိုးကလွဲပြီး တစ်ခြားတစ်ယောက်ဆိုသည်ကို အတွေးနဲ့တင် စဉ်းစားကြည့်၍ မရခဲ့သောကြောင့် ပြောင်းလဲမှုဆိုသည်က ကြယ်နှင့်ချေမိုးတို့အတွက် မမြင်ဖူးသည့်အရာလိုဖြစ်နေသည်။
ချောချောလှလှကောင်လေးတွေ၊ ကောင်မလေးတွေနှင့် အချိန်တိုင်း ထိတွေ့ဆက်ဆံနေရလို့ စိတ်ထဲဘဝင်မကျ ဖြစ်တာမျိုးလေးတွေ ရှိခဲ့ပေမဲ့ ဤသည်ကလည်း ချစ်၍မဟုတ်ပါလား။
ကလေးတွေလိုမျိုးပေါ့။ ကိုယ်ကြိုက်တဲ့ကစားစရာလေးကို သူများယူဆော့မှာစိုးလို့ လုံခြုံတဲ့နေရာမှာဖွက်ထားသလိုမျိုး ချေမိုးကိုလည်း ဖွက်ထားချင်မိသည်။ သို့သော် လူဆိုတော့လည်း အခက်သားလား...။ သူများမမြင်အောင် သိမ်းထားလို့လည်းမရ၊ အခန်းထဲထည့်ပိတ်ပြီး အလှကြည့်နေရန်လည်းမဖြစ်၊ အိမ်ထဲမှာ အကျယ်ချုပ်နဲ့ ဖမ်းထားရအောင်လည်း အပြစ်သားတစ်ယောက် မဟုတ်လေတော့ ဘဝင်မကျတဲ့စိတ်ကလေးကိုသာ အမြဲတမ်းပေါ်မလာရန်အတွက် ထိန်းချုပ်မြိုသိပ်ရပါသည်။
.
.

YOU ARE READING
CHANGE(ချိန်း)Completed(Z&U)
Romanceတစ်လောကလုံးကို သူလုပ်ကျွေးထားရသလိုပုံစံမျိုးနဲ့ လူတကာကို ချေတဲ့ကောင်လေးတစ်ယောက်...... ဘဝမှာ စိတ်ထားလေးကလွဲရင် ဘာပိုင်ဆိုင်မှုမှမရှိတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ဆုံပြီးတဲ့နောက်...Change........