ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han ShinBook 28 CHAPTER (408) ဘာလို့လဲဆိုတော့ ငါက ယဲ့ဖန်လေ
*ကမ္ဘာဂြိုဟ်ကို ရှာပြီး ဖျက်ဆီးလိုက်*
ပီယား၏ စကားကြောင့် ယဲ့ဖန်နှင့် ဂရေး၏ မျက်နှာတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။ ကြောက်စိတ်ကြောင့် ဂရေးထူ၏ နဖူးမှ ချွေးသီးချွေးပေါက်များ ကျလာသည်။
ထို့နောက် သူသည် ယဲ့ဖန်အား လှမ်း၍ ခိုးကြည့်လိုက်သည်။ ယဲ့ဖန်က တည်တည်ငြိမ်ငြိမ် ဖြစ်နေသေးသည်ကို မြင်လိုက်ရသည့်အခါမှသာ သူ စိတ်သက်သာရာရပြီး သက်ပြင်းချမိသည်။
“ကိုးယောက်မြောက် တော်ဝင်သခင်၊ ခင်ဗျားက ဘာလို့ အဲ့လိုဂြိုဟ်သေးသေးလေးကို ဖျက်ဆီးချင်ရတာလဲ”
“အဲ့ဂြိုဟ်က နဂါးငွေ့တန်း အင်ပါယာရဲ့ တော်ဝင်မျိုးနွယ်ကို ထိပါးလို့လား”
ဂရေးထူက ဇဝေဇဝါဖြင့် မေးလိုက်သည်။ ယခင်တုန်းက ဂရေးထူသည် ရတနာများ ရှာဖွေရန်အလို့ငှာ ကမ္ဘာမြေသို့ ခရီးထွက်ခဲ့သည်။
သို့သော် သူ၏ စစ်တပ်ခြင်းတစ်ခုလုံး ချေမှုန်းခံလိုက်ရသည်။
သတင်းစကားက ဆာရိုဂြိုဟ်နယ်မြေတစ်ဝိုက်သို့ ပျံ့နှံ့သွားသော်လည်း တော်ဝင်မျိုးနွယ်၏ နားသို့ သတင်းမရောက်သေးပေ။
နတ်ဘုရားသတ်ဂြိုဟ်မှ အရာအားလုံးကို ဖျက်ဆီးခြင်းထက် ရတနာများကို ခိုးယူလုယက်ခြင်းက ပို၍ အကျိုးရှိသေးသည်။
အခြားသော အကြောင်းပြချက်များ ရှိမည်မှာ သိသာလှသည်။
ဂရေးထူ၏ စကားကြောင့် ကိုးယောက်မြောက် တော်ဝင်မင်သားက ခက်ထန်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ဟမ့် အဲ့ဂြိုဟ်က တော်ဝင်မျိုးနွယ်ကို မထိပါးပါဘူး၊ ဒါပေမယ့် အဲ့ဂြိုဟ်က လူတစ်ယောက်သာ အသက်ဆက်ရှင်နေခဲ့မယ်ဆိုရင် အဲ့လူက နဂါးငွေ့တန်း အင်ပါယာရဲ့ အရှင်မင်းမြတ်ကို ရန်စလာလိမ့်မယ်”
*လူတစ်ယောက်ကလား*
ပီယား၏ စကားကြောင့် ဂရေးထူ ချက်ချင်း ရင်တုန်လာသည်။
“ဘာလဲ။ ဂရေးထူ မင်းက ငါ့အမိန့်ကို မနာခံချင်တာလား”
ကိုးယောက်မြောက် တော်ဝင်သခင်က မျက်မှောင်ကြုတ်လာပြီး သူ့မျက်လုံးများက အေးစက်လာသည်။
ဂရေးထူသည် ချက်ချင်း ကြောက်လန့်၍ တုန်လှုပ်လာသွားကာ အင်တင်တင်ဖြင့် ခပ်သွက်သွက် ရှင်းပြလိုက်သည်။
“ဒီနိမ့်ကျတဲ့ လက်အောက်ငယ်သားက အဲ့လိုကိစ္စမျိုး ဘယ်တော့မှ မလုပ်ရဲပါဘူး။ ဒါပေမယ့် နေအဖွဲ့အစည်းက ပျောက်ဆုံးသွားပါပြီ။ ကမ္ဘာဂြိုဟ်ကို ရှာလို့မတွေ့နိုင်တော့ပါဘူး”
“ဒီတစ်ကြိမ်မှာ အရှင်မင်းမြတ် စိတ်ပျက်သွားမှာကို ကျွန်တော် စိုးရိမ်မိပါတယ်”
*ဘာ*
ဂရေးထူ၏ စကားကို နားထောင်ပြီးနောက် ပီယား ဒေါသထွက်လာသည်။ တင်းမာသော အကြည့်များဖြင့် သူက ပြန်မေးလိုက်သည်။
“ပျောက်သွားတယ် ဟုတ်လား”
“အဲ့ဒါက ပျောက်သွားတယ်ဆိုရင်လည်း ဆာရိုဂြိုဟ်နယ်မြေထဲက သိုင်းပညာရှင်အားလုံးကို စုစည်းပြီး နေအဖွဲ့အစည်းနားက ဂြိုဟ်အားလုံးကို ဖျက်ဆီးပစ်လိုက်။ အဲ့နေရာတစ်ခုလုံးကို ပျက်စီးသွားအောင် လုပ်လိုက်။ ဒါဆို ငါတို့ ကမ္ဘာဂြိုဟ်ကို သေချာပေါက် ဖျက်ဆီးနိုင်မှာပဲ”
“မင်း အမိန့်အတိုင်း မလုပ်နိုင်ဘူးဆိုရင် ငါ နဂါးငွေ့တန်း အင်ပါယာအနှံ့က သိုင်းပညာရှင်တွေကို စုစည်းပြီးတော့ ဆာရိုဂြိုဟ်နယ်မြေကို ပျက်စီးအောင် လုပ်ခိုင်းလိုက်မယ်။ အဲ့လိုဆိုရင် ကမ္ဘာဂြိုဟ်လည်း ပျက်စီးသွားမှာပဲလေ”
*ဘာ*
ကိုးယောက်မြောက် တော်ဝင်သခင်၏ စကားကို ကြားပြီး ခန်းမထဲရှိ ဂရေးကလန်သားများအားလုံး ကြောက်လန့်သွားကြသည်။
*ရက်စက်လွန်းတယ်*
*နေအဖွဲ့အစည်းနားက ဂြိုဟ်အားလုံးကို ဖျက်ဆီးပြီးတော့ အဲ့နေရာတစ်ခုလုံး ပျက်ကိန်း ဆိုက်သွားအောင် လုပ်တဲ့လား*
*မဟုတ်ရင် သူက ဆာရိုဂြိုဟ်နယ်မြေတစ်ခုလုံးကို ပျက်ဆီးအောင် လုပ်မယ်တဲ့*
*သူ ... သူက ကမ္ဘာဂြိုဟ်ကို ဘယ်နည်းနဲ့မဆို ဖျက်ဆီးပစ်မှာပဲ*
ဂရေးကလန်သားများအားလုံး ဒေါသထွက်လာကြသည်။ နဂါးငွေ့တန်း အင်ပါယာ၏ ဧကရာဇ်က ဆာရိုဂြိုဟ်နယ်မြေအား ကမ္ဘာဂြိုဟ်ကို ဖျက်ဆီးရန် အမိန့်ပေးလိုက်ပြီး ထိုသို့မလုပ်ပါက ဆာရိုဂြိုဟ်အား ကမ္ဘာဂြိုဟ်နှင့်အတူ ဖျက်ဆီးပစ်မည်ဟု ဆိုလာသည်။
မည်မျှ ရက်စက်လိုက်သနည်း။
ဂရေးထူ၏ မျက်နှာက ချက်ချင်း သုန်မှုန်သွားသည်။
“ကိုးယောက်မြောက် တော်ဝင်သခင် ကျွန်တော်တို့ ဘာလို့ ကမ္ဘာဂြိုဟ်ကို ဖျက်ဆီးရမှာလဲဗျ”
“အဲ့မှာ အရှင်မင်းမြတ်ကို ရန်စတဲ့သူ တစ်ယောက်ယောက်များ ရှိနေလို့လား”
ချက်ချင်းဆိုသလိုပင် အားလုံး၏ အကြည့်များအား ပီယားထံသို့ စုပြုံ၍ ရောက်ရှိလာသည်။ ဂရေးကလန်သားများ၏ ကြောက်ရွံ့စိတ်ကို အာရုံခံမိပြီး ပီယားက လှောင်ရယ်၍ ပြောလိုက်သည်။
“အရှင်မင်းမြတ်ကို ရန်စတဲ့သူက ယဲ့ဖန်ပဲ”
ထို့နောက် ပီယားက ဂရေးထူအား မခိုးမခန့် မျက်နှာပေးဖြင့် ဆက်ပြောလိုက်သည်။
“ဂရေးထူ တစ်ခုခုကို ရွေးလိုက်။ ကမ္ဘာဂြိုဟ်နဲ့ ယဲ့ဖန်ကို ဖျက်ဆီးပစ်ရင်ပစ်”
“ဒီလိုမှမဟုတ်ရင် ဆာရိုဂြိုဟ်နယ်မြေနဲ့ ဂရေးကလန်က ကမ္ဘာဂြိုဟ်နဲ့ ယဲ့ဖန်တို့လို့ သေဆုံးရလိမ့်မယ်”
...
ပီယား၏ စကားကို ကြားပြီးနောက် ဂရေးထူ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်လာသလို သူ့နဖူး၌ ချွေးများ စို့လာသည်။
ဂရေးထူသာမက အခြားဂရေးကလန်သားများအားလုံး သုန်မှုန်သွားကြသည်။
သို့သော် ထိုသို့သောအချိန်၌ သူတို့ ရုတ်တရက် ခြေသံတစ်သံကို ကြားလိုက်ရပြီး ထောင့်၌ တိတ်ဆိတ်စွာ ထိုင်နေသော ယဲ့ဖန်က ဖြည်းဖြည်းချင်း မတ်တပ်ရပ်ကာ ကိုးယောက်မြောက် အရှင်သခင်ထံသို့ လှမ်းလာနေသည်ကို မြင်လိုက်ရသည်။
တစ်ချိန်တည်းမှာပင် ယဲ့ဖန်က ပီယားအား တင်းမာသော အကြည့်များဖြင့် ကြည့်နေသည်။ ထို့နောက် သူ စကားစလာသည်။
“မင်းက ကမ္ဘာဂြိုဟ်ကို ဖျက်ဆီးချင်တာလား”
“မင်းက ယဲ့ဖန်ကို သတ်ချင်တာလား”
*ဘာ*
သူ့ကို တစ်စက်ကလေးမျှ မလေးစားသည့် လူငယ်တစ်ယောက်က ယခု သူ့အား မေးခွန်းမေးလာရဲလိမ့်မည်ဟု ပီယား လုံးဝ ထင်မထားခဲ့မိချေ။
“ရဲတင်းလိုက်တာ”
ပီယားက ယဲ့ဖန်အား ဒေါသတကြီး စိုက်ကြည့်နေသည်။
“ဟေ့ကောင် မင်းက ငါ့ကို အရိုအသေတောင် မပေးခဲ့ဘူး။ အခု မင်းကများ ငါ့ကို မေးခွန်းလာထုတ်ရဲသေးတယ်။ မင်း သေချင်နေတာပဲ”
“ဂရေးကလန်ရဲ့ ဘိုးဘေးက ဒီမှာ ရှိနေတာဆိုတော့ မင်းမှာ ရွေးချယ်စရာနှစ်ခု ရှိတယ်”
“မင်း ငါ့ရှေ့လာပြီး ငါ့ခြေထောက်ရှေ့မှာ တလေးတစားနဲ့ ဦးညွှတ်မယ်ဆိုရင် ငါ မင်းကို ခွင့်လွှတ်ပေးမယ်”
“မဟုတ်လို့ကတော့ ငါ မင်းကို ကမ္ဘာမြေသားအဖြစ် သတ်မှတ်ပြီး အခုချက်ချင်း မင်းကို သတ်ပစ်မယ်”
*ဘာ*
ပီယား၏ စကားကြောင့် ဘေးပတ်လည်မှ ဂရေးကလန်သားများ ပို၍ စိတ်တိုလာသည်။ ယဲ့ဖန်သည် ဂရေးဘိုးဘေး၏ အရေးကြီးပုဂ္ဂိုလ် ဖြစ်သလို ဂရေးကလန်သားများအတွက်လည်း အရေးကြီးပုဂ္ဂိုလ် ဖြစ်သည်။
ကိုးယောက်မြောက် တော်ဝင်သခင် တော်တော်လွန်လာပြီပဲ။
သို့သော် ပီယား၏ စကားကို ကြားပြီးနောက် ယဲ့ဖန်က မနှစ်မြို့ဖွယ်ကောင်း၍ ကြောက်မက်ဖွယ် ကောင်းသော အပြုံးမျိုးဖြင့် ပြောလိုက်သည်။
“မင်း ငါ့ကို ကမ္ဘာမြေသား တစ်ယောက်လို သတ်မှတ်စရာ မလိုပါဘူး၊ ဘာလို့လဲဆိုတော့ ငါက ကမ္ဘာမြေသား ယဲ့ဖန် မို့လို့ပဲ”
...
ယဲ့ဖန်၏ စကားကို ကြားပြီး ပီယား နားဝေတိမ်တောင် ဖြစ်သွားသည်။
*ယဲ့ဖန်တဲ့လား*
*သူက ယဲ့ဖန်တဲ့*
*ဒါ ... လုံးဝ မဖြစ်နိုင်ဘူး*
“သေစမ်း”
ပီယား ချက်ချင်း ထိတ်လန့်သွားကာ သူ့နောက်မှ နတ်ဘုရား အရှင်သခင် နောက်ဆုံးအဆင့် လေးယောက်အား အလျင်အမြန် အော်လိုက်သည်။
“မင်းတို့ ဘာကြောင်ကြည့်နေတာလဲ။ သူက အရှင်မင်းမြတ် သတ်ချင်နေတဲ့ ယဲ့ဖန်ဆိုတဲ့သူလေ၊ မြန်မြန် အခုချက်ချင်း သူ့ကိုသတ်ကြ”
အကြောင်းပြချက် မရှိ။ ဖြေရှင်းချက် မရှိချေ။
ယဲ့ဖန်ဟူသည့် နာမည်ကို ကြားသည်နှင့် သူက ချက်ချင်း သတ်ချင်နေသည်။ နတ်ဘုရား အရှင်သခင် နောက်ဆုံးအဆင့် လေးယောက်လုံး ရုတ်ချည်း တက်ကြွလာသည်။
ရှေ့၌ ရှိနေသည့် သူက ယဲ့ဖန် အစစ် ဟုတ်လား၊ မဟုတ်လားဆိုတာကို သူတို့ ဂရုမစိုက်ပေ။ သူတို့ သူ့ကို သတ်နိုင်သရွေ့ သူတို့၌ တောက်ပသော အနာဂတ်များ ရှိလာမည် ဖြစ်သည်။
“သေလိုက်တော့”
သိုင်းပညာရှင် လေးယောက်လုံးက ဖိနှိပ်နိုင်သော ဟန်ပန်ဖြင့် လူသတ်သိုင်းကွက်များကို ထုတ်သုံးကာ ယဲ့ဖန်အား တိုက်ခိုက်လာသည်။
ဝုန်း! ဝုန်း! ဝုန်း!
ခန်းမတစ်ခုလုံး ပြင်းထန်သော ချီဓာတ်ကြောင့် ပေါက်ကွဲထွက်သွားသည်။ ချက်ချင်းဆိုသလိုပင် အစောင့်အရှောက် လေးယောက်၏ လူသတ်သိုင်းကွက်များက ယဲ့ဖန်၏ ဦးခေါင်းနားသို့ နီးကပ်လာသည်။
သို့သော် ယဲ့ဖန်က တိုက်ခိုက်မှုများကို လျစ်လျူရှု၍ ရှေ့သို့ ဆက်လျှောက်လာသည်။ သူ၏ အပြုအမူကို ကြည့်ပြီး အစောင့်အရှောက် လေးယောက်လုံး ဝမ်းသာသွားကြသည်။
*အရူး*
သူတို့စိတ်ထဲတွင် ယဲ့ဖန်သည် မိုက်ရူးရဲဆန်ရုံသာမက ရူးလည်း ရူးနေသေးသည်ဟု ထင်နေကြသည်။
*သူက ငါတို့ တိုက်ကွက်ကို မခုခံဘူးလား။ သူက အရူးပဲ*
ဝုန်း!
ချက်ချင်းဆိုသလိုပင် လူသတ်သိုင်းကွက် လေးကွက်က ယဲ့ဖန်၏ ဦးခေါင်းနားသို့ ရောက်ရှိလာသည်။
ရွှစ်! ရွှစ်! ရွှစ်! ရွှစ်!
ထိုစဉ် လူတိုင်း အသံလေးသံကို ကြားလိုက်ရပြီး လေထဲသို့ သွေးများ ပန်းထွက်လာသည်ကို မြင်လိုက်ရသည်။
အစောင့်အရှောက် လေးယောက်လုံးသည် သူတို့၏ ကျောများအား လက်ဝါးတစ်ဖက်စီက ထုတ်ချင်းဖောက်သွားသဖြင့် ချက်ချင်း အေးစက်တောင့်တင်းသွားကြသည်။
သေစေနိုင်သော သိုင်းကွက်များ ချက်ချင်း ပျောက်ကွယ်သွားလေသည်။
....
ဤမြင်ကွင်းကြောင့် ပီယားနှင့် အနက်ရောင် ဝတ်စုံ ဝတ်ထားသော အကြီးအကဲတို့ အကြီးအကျယ် ကြောက်လန့်သွားကြသည်။
“ဂရေးကလန်ရဲ့ အကြီးအကဲ လေးယောက်”
“မင်းတို့ ပုန်ကန်နေတာပဲ”
သူတို့၏ မျက်စိရှေ့တည့်တည့်တွင် ဂရေးကလန်၏ မဟာအကြီးအကဲ လေးယောက်က အစောင့်အရှောက် လေးယောက်၏ နောက်တွင် ရပ်နေကြသည်။
သူတို့အားလုံးသည် နတ်ဘုရား အရှင်သခင် နောက်ဆုံးအဆင့်များ ဖြစ်သည်။ သူတို့အားလုံးက အစောင့်အရှောက် လေးယောက်အား သေစေနိုင်သော သိုင်းကွက်များဖြင့် တိုက်ခိုက်လိုက်ကြခြင်း ဖြစ်သည်။
သို့သော် ပီယား၏ စကားကြောင့် ဂရေးကလန်၏ မဟာအကြီးအကဲ လေးယောက်က ပြုံးလာသည်။ ဂရေးထူသည်လည်း ပြုံးနေ၏။
ဂရေးထူနှင့် ဂရေးကလန်၏ မဟာအကြီးအကဲ လေးယောက်က ယဲ့ဖန်နောက်တွင် ရပ်လိုက်ကြသည်။
“ဟုတ်တယ် ငါတို့ ပုန်ကန်တာပဲ”
“ဂရေးကလန်က ကမ္ဘာဂြိုဟ်ရယ်၊ ယဲ့ဖန်ရယ်နဲ့အတူ ရှင်သန်ပြီး သေဆုံးမယ်လို့ ကျိန်ဆိုတယ်”