ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shinစာစဉ် 29 Chapter (435)
“သူတို့ပဲ၊ ပထမ ကြေးစားစစ်တပ်ကို ချေမှုန်းခဲ့တာ အဲ့အဖွဲ့ပါပဲ”
“မြတ်စွာဘုရား၊ နတ်ဆိုးတွေပါလား။ ဒီနတ်ဆိုးအဖွဲ့ကြီးက အမဲလိုက်နေတာလား၊ သွားပါပြီ … သွားပါပြီကွာ”
“ဒုတိယ ကြေးစားစစ်တပ်က သတ်ဖြတ်သူအားလုံး သူတို့လက်ထဲမှာ သေသွားခဲ့ကြတာပါ။ အဲ့ဒီ စိတ္တဇ လူသတ်သမားတွေကြောင့်ပါ”
“….”
ယခုအချိန်၌ ခပ်လှမ်းလှမ်းမှ စစ်သင်္ဘောများ ပျံသန်းလာသည်ကိုမြင်ပြီး ထွက်ပြေးလာသော ဒါဇင်ကျော်သည့် သတ်ဖြတ်သူတို့အားလုံး သွေးပျက်လာကြသည်။
ထို့အပြင် သူတို့၏ ပေါင်ခြံကြားမှ ဆီးများပင် ထွက်ကြလာသေး၏။
သူတို့ ကြောက်လွန်းသဖြင့် ဆီးပါ ထွက်ကြနေသည်။
ဤမြင်ကွင်းက ထောင်သောင်းချီသော သတ်ဖြတ်သူများကို ကြက်သီးမွေးညင်း ထသွားစေသည်။
သောင်းချီသော ကြေးစား စစ်တပ်များ ဖျက်ဆီးခံလိုက်ရလေပြီ၊ သူတို့၏ အဖွဲ့များ ပျက်ဆီးသွားလေသည်။
သတ်ဖြတ်သူတိုင်းသည် သူတို့၏ ဆိုးရွားလှသော ကံကြမ္မာဆိုးကို မြင်ယောင်ပြီး ကြောက်စိတ်များဖြင့် ပြည့်နှက်လာကြသည်။
ဧကရာဇ် ပီခမ်းနှင့် ကောင်းကင်အလင်းသခင်တို့တောင်မှ ကျောချမ်းနေကြသည်။ ထိုစဉ် …
ကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာရှင်တစ်ယောက်က စစ်သင်္ဘောထဲမှ ခုန်ဆင်းလာသည်။
တစ်ဆက်တည်းမှာပင် လူပေါင်းများစွာတို့ ထွက်ပေါ်လာကြသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင်အနက်ရောင် အရိပ်များက ကောင်းကင်ထက် ပြည့်နှက်လို့သွားလေသည်။
နောက်ဆက်တွဲ ဖြစ်ပေါ်လာသော မြင်ကွင်းက လူတိုင်းကို ကတုန်ကယင် ဖြစ်သွားစေသည်။
နတ်ဧကရာဇ် တစ်ပိုင်းအဆင့် သိုင်းပညာရှင် လေးယောက်နှင့်အတူ ထောင်ပေါင်းများစွာသော နတ်ဆိုးတို့က ယဲ့ဖန်ရှေ့ ဒူးတစ်ဘက်ကာ ရင်ဘတ်ပေါ် လက်တင်၍ နှုတ်ဆက်လာကြသည်။
“ရန်သူတွေကို သတ်ဖြတ်ပြီးပါပြီ။ တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ သခင်ကြီးဆီ ပြန်လာပါပြီ”
တိတ်ဆိတ်လို့သွားသည်။
သူတို့၏အသံများက ဂြိုဟ်များထံသို့ ပဲ့တင်ထပ်သွားလေသည်။ ဆာရိုဂြိုဟ်နယ်မြေတစ်ခုလုံး တိတ်ဆိတ်လို့နေ၏။
သတ်ဖြတ်သူများအားလုံး မှင်တက်နေကြသည်။ သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးများကို ကြည့်လိုက်၊ ယဲ့ဖန်ကို ကြည့်လိုက်နှင့် ဖြစ်နေပြီး ခေါင်းမှခြေဆုံး ရေအေးများနှင့် လောင်းချခံလိုက်ရသကဲ့သို့ ခံစားနေရလေသည်။
*သခင်ကြီးတဲ့လား*
*လတ်စသက်တော့ ဒီလူက နတ်ဆိုးတွေရဲ့ သခင်ကိုး*
ပြောရလျင် ထိုနတ်ဆိုးများကြား၌ နတ်ဧကရာဇ် တစ်ပိုင်းအဆင့် လေးယောက်တောင် ရှိနေ၏။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ဂလု!
သတ်ဖြတ်သူများ မနည်းကို တံတွေးမျိုချမိနေသည်။ သူတို့၏ ခြေထောက်များ ခွေယိုင်လာကာ နောက်လှည့်၍ ထွက်ပြေးချင်စိတ် ပေါက်နေ၏။
ဧကရာဇ် ပီခမ်းနှင့် ကောင်းကင် အလင်းသခင်တောင်မှ ဆီးထွက်ကျမတတ် ဖြစ်နေသည်။
တောက်! တောက်!
အေးစက်သော ချွေးစေးများက သူတို့နှစ်ယောက်၏ နဖူးပြင်မှ ကျဆင်းလာပြီး အရိုးခိုက်ခိုက်တုန်မတတ် ချမ်းအေးသလို ခံစားနေမိသည်။
“ဘာလို့လဲ၊ ဘယ်လိုလုပ် ဒီ့ကောင်မှာ အစေခံ တစ်သောင်းနီးပါး ရှိနေတာလဲ”
ဧကရာဇ် ပီခမ်း ရူးမတတ် ဖြစ်နေသည်။
သူသည် သတ်ဖြတ်သူ ကြေးစား တပ်ဖွဲ့ကို မတည်ထောင်နိုင်ခင်က နှစ်ရာနှင့်ချီ၍ ကြိုးစားအားထုတ်ခဲ့ရသည့် မြင့်မြတ်သော နဂါးငွေ့တန်း ဧကရာဇ် ဖြစ်သည်။
သို့သော် ထိုသတ်ဖြတ်သူများကို သတ်ဖြတ်ခဲ့သည့် နတ်ဆိုးများက ဘာမဟုတ်သည့် ကမ္ဘာမြေသား ပုရွက်ဆိတ်လိုကောင်၏ ကျေးကျွန်များ ဖြစ်လို့နေသည်။
ဤသည်က ပီခမ်းအား မယုံကြည်လောက်အောင် ဖြစ်စေ၏။ ထို့အတူ သူ့ဘေးမှ ကောင်းကင် အလင်းသခင်သည်လည်း တုန်ယင်လို့နေသည်။
“ဒီကောင် …”
သူ မျက်ခုံးလှုပ်နေပြီး သူ့မျက်လုံးများက နတ်ဧကရာဇ် တစ်ပိုင်းအဆင့် လေးယောက်ထံ အကြည့်ရောက်နေသည်။
ထိုလူလေးယောက်၏ ခွန်အားက သူ့အောက်မနိမ့်ကြောင်း သူ ရှင်းလင်းစွာ ခံစားရနေသည်။ အထူးသဖြင့် လှပ၍ လွှမ်းမိုးနိုင်သည့် အမျိုးသမီးပင်။
သူမသည် စစ်မှန်သော နတ်ဧကရာဇ် သိုင်းပညာရှင်အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။
ကောင်းကင်ထက်၌ သားရဲများသဖွယ် ရပ်နေသောကြောင့် လူများအား တုန်ယင်စေသည်။
သို့သော် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုမျိုးက ဘယ်လိုလုပ် ယဲ့ဖန်ထံ၌ လိုလိုလားလားနှင့် ကျွန်ခံ၍ ဦးညွှတ်နေရသနည်း။
“ဒီသောက်ခွေးမသား …”
ကောင်းကင်အလင်းသခင်သည် ယဲ့ဖန်အား မနာလိုဖြစ်နေသည်။
သို့သော် ထိုစဉ် ယဲ့ဖန်က ပီခမ်းထံသို့ ခြေတစ်လှမ်း တိုးလာသည်။ သူ့နောက်မှ နတ်ဧကရာဇ် တစ်ပိုင်းအဆင့် လေးယောက်နှင့် ထောင်ချီသော နတ်ဆိုးများကလည်း ရှေ့သို့ တိုးလာသည်။
ကောင်းကင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားလေသည်။
“လာ တိုက်ကြမယ်”
ထိုရိုးစင်းသော စကားနှစ်ခွဣ်းက လူတိုင်းကို သွေးပျက်သွားစေသည်။
ထိုစကားကိုကြားပြီး ဧကရာဇ် ပီခမ်းနှင့် ကောင်းကင်အလင်းသခင်တို့ မနေနိုင်ဘဲ အချင်းချင်း လှမ်းကြည့်မိကြသည်။
သူတို့ အချင်းချင်း နားလည်လိုက်ကြသည်။
*ထွက်ပြေးရမယ်*
ချက်ချင်းဆိုသလိုပင် နတ်ဧကရာဇ် တစ်ပိုင်းအဆင့် နှစ်ယောက်က လမ်းဘေးခွေးကဲ့သို့ လှစ်ခနဲ ပြေးထွက်ကာ ပျောက်ကွယ်သွားကြလေသည်။
သူတို့ ပြန်ပေါ်လာသောအခါ စစ်သင်္ဘောများ ရှိရာအရပ်၌ ပြန်ပေါ်လာကြပြီး ထွက်ပြေးနေကြသည်။
*ထွက်ပြေးမလို့လား*
ဤမြင်ကွင်းက သတ်ဖြတ်သူများကို မှင်တက်သွားစေသည်။ မြင့်မြတ်သော နဂါးငွေ့တန်း ဧကရာဇ်က အရင်ဆုံး ထွက်ပြေးလိမ့်မည်ဟု သူတို့ ထင်မှတ်မထားကြပါ။
“ပြေး”
ထိုအခါမှသာ သူတို့ အသိဝင်လာပြီး တစ်သောင်းနီးပါးသော သတ်ဖြတ်သူများ တတ်နိုင်သမျှ မြန်မြန် ထွက်ပြေးကြလေသည်။
ဤမြင်ကွင်းကို မြင်သော်လည်း ယဲ့ဖန်နှင့် တစ်သောင်းသော နတ်ဆိုးတို့က ဤသို့ ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိပြီးပုံ ပေါ်နေသည်။
ရွှစ်! ရွှစ်! ရွှစ်!
နတ်ဧကရာဇ် တစ်ပိုင်းအဆင့် လေးယောက်က ရိပ်ခနဲ ပျောက်ကွယ်သွားပြီးနောက် ဧကရာဇ် ပီခမ်းနှင့် ကောင်းကင်အလင်းသခင်အရှေ့၌ ပြန်ပေါ်လာပြီး သူတို့နှစ်ယောက်ကို ဝိုင်းထားကြသည်။
ထောင်ချီသော နတ်ဆိုးများက ထွက်ပြေးနေသော သတ်ဖြတ်သူများအား အရူးအမူး လိုက်လံ သတ်ဖြတ်ကြလေသည်။
သတ်! သတ်! သတ်!
ထိုသို့သောအချိန်၌ သတ်ဖြတ်သံများနှင့် စူးရှစွာ အော်ဟစ်နေသံများသာ ပဲ့တင်ထပ်နေ၏။
ရဲရဲနီသော သွေးများက မိုးရွာသွန်းသကဲ့သို့ ကောင်းကင်ထက်၌ ရွာသွန်းနေသည်။
အစုလိုက် အပြုံလိုက် သုတ်သင်မှုကြီးပါတကား။
ထောင်ချီသော နတ်ဆိုးမျာသည် ကြောက်မက်ဖွယ် ကောင်းလှပါ၏။
သူတို့သည် သတ်ဖြတ်သူများထံသို့ တစ်ဟုန်ထိုး ပျံသန်း၍ အရူးအမူး သတ်ဖြတ်နေကြသည်။
သတ်ဖြတ်သူတစ်ဘောက် သေဆုံးသွားလေသည်။
နတ်ဘုရားအဆင့် အလောင်းများ ကောင်းကင်ပေါ်မှ တဖြုတ်ဖြုတ် ပြုတ်ကျလာ၏။
ဤသည်ကိုမြင်ပြီး ဂရေးကလန်သားတိုင်း စိတ်လှုပ်ရှားလာကြသည်။
လူတိုင်းသည် ဓားကိုဝင့်၍ သတ်ဖြတ်သူများအား သည်းကြီးမဲကြီး သတ်ကြလေသည်။
သေခြင်းတရားက ဂြိုဟ်နယ်မြေတစ်ခုလုံးသို့ စိမ့်ဝင်ပျံ့နှံ့သွားလေသည်။
သတ်ဖြတ်သူများ နည်းသထက်နည်းလာသည်။
လူတစ်သောင်း၊ ရှစ်ထောင်၊ ခြောက်ထောင်၊ လေးထောင်။
….
အရေအတွက်က ဆက်တိုက် ကျဆင်းလာ၏။
ဤကောင်းကင်တစ်ခွင်သည် သတ်ဖြတ်သူတို့၏ သင်္ချိုင်းမြေ ဖြစ်လာသည်။
“ငါ့ရဲ့ တော်ဝင်စစ်တပ်”
ထိုစဉ် ဧကရာဇ် ပီခမ်း သွေးစိမ်းရှင်ရှင် စီးကျလာသည်။ ထိုစစ်တပ်သည် အင်ပါယာ၏ အလေးထားရသော စစ်တပ်ဖြစ်သည်၊ ယခုအခါတွင်မူ စစ်ပွဲကြီးက ပြီးဆုံးလုနီးပါး ဖြစ်နေ၏။
မြန်ဆန်လှပေသည်။
သို့သော် သူ စဉ်းစားချိန်တောင် မရလိုက်ဘဲ ထက်ရှသော ဓားတစ်လက်က သူ့လည်ပင်းအား အရူးအမူး ခုတ်ပိုင်းလာ၏။
“သေစမ်း”
ဧကရာဇ် ပီခမ်း တုန်ယင်သွားလေသည်။ ထို့အတူ ရက်ရှာတို့ လေးယောက်ကလည်း ပီခမ်းနှင့် ကောင်းကင် အလင်းသခင်တို့ကို သည်းကြီးမည်းကြီး တိုက်ခိုက်နေသည်။
ဝုန်း! ဝုန်း! ဝုန်း!
နတ်ဧကရာဇ် တစ်ပိုင်းအဆင့် ခြောက်ယောက်တို့သည် ကောင်းကင်ထက်၌ ပြင်းထန်စွာ တိုက်ခိုက်နေကြလေသည်။
ဧကရာဇ် ပီခမ်း၏ သွေးများ ပန်းထွက်လာ၏။
ဤသည်ကား နတ်ဧကရာဇ် တစ်ပိုင်းအဆင့်တို့၏ စစ်မှန်သော တိုက်ပွဲပင် ဖြစ်လေသည်။
ဂြိုဟ်များ တုန်ခါသွားပြီး ဥက္ကာခဲများ လွင့််စဉ်သွားသည်။ ဤသို့သောအချိန်၌ ကမ္ဘာပျက်ကိန်း ရောက်ရှိလာသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည်။
*ဟာ*
အော်ဟစ်သံများ ပဲ့တင်ထပ်လာ၏။ မျက်စိတ်တစ်မှိတ်အတွင်းမှာပင် ပီခမ်းနှင့် ကောင်းကင် အလင်းသခင်တို့ သွေးများနှင့် ရွှဲနစ်လို့နေသည်။
လူနှစ်ယောက်က လေးယောက်ကို အနိုင်ယူနိုင်ရန် ခက်ခဲလှပေ၏။
ပြောရလျင် ဧကရာဇ် ပီခမ်းသည် ယဲ့ဖန်ကြောင့် ဒဏ်ရာ အပြင်းအထန် ရထားသည်။ ယခုအခါတွင်လည်း ရက်ရှာတို့ လေးယောက်၏ ဝိုင်းထားခြင်းကို ခံနေရသဖြင့် တိုက်ခိုက်ပြီးနောက် မောပန်းလို့နေသည်။
ဂျွတ်!
ရက်ရှာကြောင့် ပီခမ်း၏ ပခုံးရိုး ကျိုးသွားလေသည်။ ပြင်းထန်သော နာကျင်မှုက သူ့အား ခိုက်ခိုက်တုန်စေ၏။
တစ်ဘက်တွင်လည်း ကောင်းကင်အလင်းသခင်သည် နတ်ဆိုးသုံးကောင်၏ ဝိုင်းတိုက်ခြင်းကို ခံနေရပြီး ပေါက်ကွဲကာ သေဆုံးလို့နေသည်။
သူ တစ်ကြိမ်ပြန်၍ ရှင်သန်လာတိုင်း သူ့မျက်နှာတစ်ခုလုံး ဖြူစုတ်လာသည်။
ကြောက်စိတ်။
ယခုလိုအချိန်၌ ပီခမ်းနှင့် ကောင်းကင်အလင်းသခင်တို့၏ ရင်ထဲတွင် ကြောက်စိတ်များနှင့် ပြည့်နှက်လို့နေ၏။
သူတို့ ပြေးချင်သည်၊ သို့သော် ထွက်ပြေးမရပေ။
သူတို့ တိုက်ခိုက်ချင်သော်လည်း မတိုက်ခိုက်နိုင်တော့ပါ။
ဤသို့သော စိတ်ပျက်စရာ ကောင်းသည့် အခြေအနေက သူတို့အား ရူးမတတ် ဖြစ်စေသည်။
သူတို့တစ်ကိုယ်လုံး၌ ဒဏ်ရာဗလပွ ဖြစ်နေပြီး သွေးများက ဆက်တိုက် စီးကျနေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ယောက်လုံး သွေးသံတရွှဲရွှဲနှင့် ဖြစ်နေ၏။
“မဟုတ်ဘူး၊ ငါ လက်မခံဘူး”
ဧကရာဇ် ပီခမ်းသည် သွေးပျက်နေပြီး မိစ္ဆာတစ်ကောင်နှင့် တူနေ၏။ သူ့မျက်နှာ၌ မလိုလားဟန်များဖြင့် ပြည့်နှက်နေသည်။
သေခြင်းတရား ကျရောက်လုနီးပါး ဖြစ်နေ၏။
ထိုစဉ် … ဝုန်း!
ကောင်းကင်ထက်၌ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်တွင်မူ စစ်သင်္ဘော တစ်စင်း ရုတ်တရက် ပေါ်ပေါက်လာ၏။
စစ်သင်္ဘောတစ်စီးလုံးသည် ခရမ်းပြာနှင့် ရွှေရောင် ရောစပ်ထားသည်။ သင်္ဘောထိပ်၌ အလံတစ်ခု လွှင့်ထူထားသည်။
*နဂါးငွေ့တန်း အလံပါလား*
ထိုစစ်သင်္ဘောကိုမြင်ပြီး ဧကရာဇ် ပီခမ်းနှင့် ကောင်းကင်အလင်းသခင်တို့ မှင်တက်သွားကြသည်။
“ဒါ … ဒါ ဘုရင်မရဲ့ စစ်သင်္ဘောပဲ၊ သူ … သူ တံခါးပိတ် ကျင့်ကြံရာက ထွက်လာပြီပဲ”
နတ်ဧကရာဇ် တစ်ပိုင်းအဆင့် နှစ်ယောက်လုံး တုန်ယင်သွားကြသည်။
ပြီးဆုံးလေပြီ၊ အရာအားလုံး ပြီးဆုံးပေတော့မည်။
ဤသို့သော သေရေးရှင်ရေး အခြေအနေ၌ သူတို့နှစ်ယောက် ယဲ့ဖန်နှင့် တိုက်ခိုက်နေသည်ကို ဘုရင်မက သိသွားပြီး ဤနေရာသို့ ရောက်ချလာလေသည်။
သူတို့အတွက် ဆိုးရွားလှသော အဆုံးသတ်ကသာ စောင့်မျှော်နေ၏။
ထိုသို့တွေးမိပြီးနောက် သူတို့နှစ်ယောက်၏ မျက်နှာက သေမတတ် ပျက်ယွင်းလာကြသည်။
ကျွီ!
ထိုစဉ် တံခါး ပွင့်လာ၏။
ခရမ်းရွှေရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဖီးနစ်သရဖူကို ဆောင်းထားသော တော်ဝင်မိန်းမပျို တစ်ယောက် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
တစ်လှမ်းချင်းစီ လျှောက်၍ ထွက်လာလေသည်။
ထိုမိန်းမပျိုကိုမြင်ပြီး လူတိုင်း ရင်ထဲ တုန်ခါလှိုက်မောသလို ခံစားလာရသည်။
လှပ၍ ဆွဲဆောင်မှုရှိလှပေသည်။
အထူးသဖြင့် ယဲ့ဖန်ပင်။ သူ့တစ်ကိုယ်လုံး တုန်ယင်သွားပြီး သူ့နှုတ်ခမ်းထက်၌ ဝမ်းမြောက် ပျော်ရွှင်သော အပြုံးတစ်ပွင့် ထွက်ပေါ်လာ၏။
စာစဉ် (၂၉) ဤတွင် ပြီးပါပြီ။