ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shinစာစဉ် (33) Chapter (487) သူ … သူ မသေသေးဘူး
*ရူးများရူးသွားတာလား*
ယခုအချိန်တွင် ထိုလူများကို ကြည့်ပြီး ဂြိုဟ်ပြာသခင် တစ္ဆေဧကရီနှင့် ရာချီသော တစ္ဆေအဖွဲ့သား များသာမက ဘေးပတ်လည်မှ ကြည့်နေသည့် ဖြတ်သွားဖြတ်လာများပါ မှင်တက်အံ့ဩ နေကြသည်။
ထိုထိပ်သီးပုဂ္ဂိုလ်များ ဘာဖြစ်သွားသလဲ သူတို့ မသိကြသလို ဘယ်လိုလုပ် သူတို့၏ အပြုအမူက တဆစ်ချိုး ပြောင်းလဲသွားသလဲဆိုတာကို မတွေးတတ်အောင် ဖြစ်နေသောကြောင့် ငေးငိုင်နေကြလေသည်။
“မဟာမိတ် ... မဟာမိတ် တပ်သခင်၊ သူက တုခီကို သတ်လိုက်တဲ့ လူသတ်သမားလေ၊ ရှင် ...”
တစ္ဆေ မဟာမိတ် တပ်သခင်သည် နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းပညာရှင် ဖြစ်သောကြောင့် ခြိမ်းခြောက်ခံထားရခြင်း မဖြစ်နိုင်ပေ။
ထိုသို့ဆိုလျင် အဘယ်ကြောင့် မဟာမိတ် တပ်သခင်၏ အပြုအမူက ရုတ်ချည်း ပြောင်းလဲသွား ရသနည်း။ မယုံနိုင်စရာ ကောင်းလှပေ၏။
လန်ရှင်းအာ၏ စကားကြောင့် တစ္ဆေ မဟာမိတ်တပ်သခင် နဖူးကြောများ တွန့်လာပြီး မျက်နှာပျက် လာသည်။
သို့သော် ယဲ့ဖန်က ကမ္ဘာဦးဂြိုဟ်၏ ပြိုင်ဘက်ကင်း နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် သိုင်းပညာရှင်လေးယောက်အား ခေါင်းဖြတ်ခဲ့သည်ကို သူ့မျက်လုံးနှင့် တပ်အပ်မြင်ခဲ့ရသည်။
သူ ဘယ်လိုလုပ် ဤနတ်ဘုရား ဆရာသခင်အဆင့်လေးကို သတ်ဝံ့ပါမည်နည်း။
ဖြောင်း!
ထိုစဉ် မဟာမိတ် တပ်သခင်က ရိပ်ခနဲ လှုပ်ရှား၍ လန်ရှင်းအာ၏ မျက်နှာအား ပြင်းထန်စွာ ရိုက်ချလိုက်သည်။ ထို့နောက် သူသည် လည်ဆံမွေးထောင်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်သည်။
“လန်ရှင်းအာ မင်း ကန်းနေလား။ ဒီလူကြီးမင်းက သိပ်သိပ် ကြင်နာတတ်တာ၊ သူက ဘယ်လိုလုပ် အကြောင်းပြချက် မရှိဘဲ တုခီကို သတ်မှာလဲ”
“တုခီကိုယ်တိုင်ကိုက အမြင်မရှိတာ သေချာတယ်၊ အဲ့ဒါကြောင့် ဒီလူကြီးမင်းရဲ့ ဓားနဲ့ မတော်တဆ ထိမိပြီး သူ့ကိုယ်သူ ထိုးမိသွားတာ နေမှာ”
*ဘာ*
*ကိုယ့်ဘာသာကိုယ် ဓားနဲ့ထိုးမိပြီး သေသွားတယ် ဟုတ်လား*
ဘေးပတ်လည်မှ လူများအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။ ဤသို့သော အူကြောင်ကြောင် ဆင်ခြေမျိုးကို သူတို့ ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
ထိုမျှနှင့်မပြီးသေးချေ။ ဘေးပတ်လည်မှ အသူရာ ဂိုဏ်းသခင်နှင့် အခြား ထိပ်သီးပုဂ္ဂိုလ်များ ကလည်း ယဲ့ဖန်အတွက် ဝိုင်းငြင်းကြလေသည်။
“ဟုတ်တယ်၊ အစောပိုင်းလေးတင် ကမ္ဘာဦး နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် လေးယောက်ကလည်း နမော်နမဲ့ နိုင်ခဲ့တာ။ ဒီလူကြီးမင်းရဲ့ ဓားနဲ့ သူတို့လည်ပင်းနဲ့ ထိမိပြီး ခေါင်းပြတ်သွားကြတယ်”
“အထူးသဖြင့် မင်းပဲ၊ မင်းကိုယ်မင်း သတ်သေသင့်တယ်၊ ဘာလို့ ဒီလူကြီးမင်းကို လာစွပ်စွဲနေတာလဲ။ တရားဥပဒေကို ရှိသေးရဲ့လား။ ဒီမှာ ဥပဒေကော ရှိသေးရဲ့လား”
“....”
*ဟမ်*
ထိုဆင်ခြေပေးသံများသည် လန်ရှင်းအာနှင့် အခြားသူများ၏ ခေါင်းထဲတွင် မိုးကြိုးမုန်တိုင်း ဝင်မွှေသွားသလို ခံစားလိုက်ရသည်။
*ကမ္ဘာဦး နတ်ဧကရာဇ် အထွတ်အထိပ်အဆင့် လေးယောက်က သူတို့ဘာသာ သူတို့ ခေါင်းကို ဖြတ်ခဲ့တယ်တဲ့လား*
ချက်ချင်းဆိုသလိုပင် လူတိုင်းနီးပါး အရာအားလုံးကို သဘောပေါက်သွားကြသည်။ အဘယ်ကြောင့် ကမ္ဘာဦး ဂြိုဟ်များဩ ထိပ်သီးပုဂ္ဂိုလ်များက ယဲ့ဖန်ရှေ့၌ ကြောင်ရှေ့ ရောက်နေသော ကြွက်ကဲ့သို့ ငြိမ်ကုပ်နေရသလဲဆိုတာကို ရိပ်မိသွားကြသည်။
ထိုသူသည် ထိပ်တန်း လူသတ်သမားတစ်ယောက် ဖြစ်နေခြင်းပင်။ ဤသည်ကို တွေးမိပြီးနောက် လန်ရှင်းအာနှင့် အခြားသူများအားလုံး ကြက်သီးမွေးညင်း ထလာကြကာ ခေါင်းစခြေဆုံး အေးခဲသွားကြသည်။
*သွားပြီ*
လန်ရှင်းအာသည် သူမအပြုအမူအတွက် နောင်တရလာသည်။ ဤနတ်ဘုရား ဆရာသခင် အဆင့်လေးက ကြောက်မက်ဖွယ် လူသတ်သမားတစ်ယောက် ဖြစ်နေသည်ကို သူမ ကြိုသိခဲ့မိပါက သူမ တုခီအတွက် လက်စားချေရဲမည် မဟုတ်ပါ။
ယခုအခါတွင်တော့ နောက်ကျသွားချေပြီ။
“သေလိုက်တော့”
ယဲ့ဖန်ထံမှ ထိုစကားသုံးလုံး ထွက်လာချိန်တွင် တော်ဝင်အမိန့် ထုတ်ပြန်လိုက်သကဲ့သို့ တစ္ဆေ မဟာမိတ် တပ်သခင်နှင့် အခြားသူများ ထိတ်လန့်သွားကြသည်။
“သတ်ကြဟေ့”
ထို့နောက်တွင် တစ္ဆေ မဟာမိတ်တပ်သခင်၊ အသူရာဂိုဏ်းသခင်နှင့် အခြားသူများသည် စိတ္တဇများကဲ့သို့ လန်ရှင်းအာနှင့် သူမအဖွဲ့များထံသို့ ပြေးဝင်သွားသည်။
ဝုန်း! ဝုန်း! ဝုန်း!
သွေးပျက်ဖွယ် တိုက်ခိုက်မှုများ အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်လာသည်။ တစ္ဆေအဖွဲ့သား တစ်ယောက် လွင့်ထွက်သွားလေသည်။
လန်ရှင်းအာသည်လည်း တစ္ဆေ မဟာမိတ် တပ်သခင်နှင့် အသူရာ ဂိုဏ်းသခင်တို့ကြောင့် တစ်စစီ ဖြစ်သွားလေသည်။
စူးရှစွာ အော်ဟစ်သံများနှင့် သွေးညှီနံ့များက ကမ္ဘာဦးဂြိုဟ်ပေါ်၌ ရုတ်တရက် ပြည့်နှက် လာသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် လန်ရှင်းအာနှင့် တစ္ဆေအဖွဲ့အစည်း၏ သိုင်းပညာရှင်များအားလုံး လမ်းမထက်၌ အသတ်ခံလိုက်ရကာ အလောင်းပင် အပြည့်အစုံ မရှိတော့ချေ။
ဘေးပတ်လည်မှ အခြားသူများအားလုံး ထိတ်လန့် ကြောက်ရွံ့နေကြသည်။ တစ္ဆေ ဧကရီ လန်ရှင်းအာက ဤသို့သော အဖြစ်ဆိုးမျိုးနှင့် ကြုံတွေ့ရပြီး အသေဆိုးနှင့် သေလိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။
တစ်ဖက်လူက “သေလိုက်တော့” ဟု ပြောလိုက်သည်နှင့် သူတို့အားလုံး အသတ်ခံလိုက်ရသည်။ ယခုအချိန်၌ ဘေးပတ်လည်မှ သိုင်းပညာရှင်များအားလုံးသည် ယဲ့ဖန်အား ကြောက်လန့်တကြား ကြည့်နေကြလေသည်။
သို့သော် ယဲ့ဖန်ကတော့ ဤအရာအား အသေးအဖွဲကိစ္စလေးတစ်ခု ပြုလုပ်ပြီးသွားသည်ဟုသာ သတ်မှတ်ထားပုံရသည်။ သူသည် လန်ရှင်းအာနှင့် အခြားသူများ၏ အလောင်းများကို ကြည့်ပင်မကြည့်ချေ။
သူသည် တစ်ဖက်လှည့်၍ ရာချီသော မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင် သန္ဓေသားလောင်း များကို လှမ်းကြည့်လိုက်သည်။
“သွားကြမယ် ကလေးတွေ၊ ငါ မင်းတို့ကို ခေါ်သွားပြီးတော့ မင်းတို့အမေကို လိုက်ရှာကြမယ်”
ထိုစကားကို ကြားသောအခါ မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင် သန္ဓေသားလောင်းများက အံ့ဩသွားပြီးနောက် ဝမ်းသာအားရ ခေါင်းညိတ်ပြလေသည်။ ထို့နောက် အားလုံး အသွင်ပြောင်း သွားကြသည်။
မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင် သန္ဓေသားလောင်းများသည် သွေးစက်အသွင်သို့ ပြောင်းလဲသွားပြီးနောက် ယဲ့ဖန်၏ လက်ဝါးပေါ်၌ သွေးအိုင်အသွင်ဖြင့် စုဝေးလာကြသည်။
ထို့နောက်တွင် ယဲ့ဖန်၏ ခန္ဓာကိုယ်က လှစ်ခနဲ လှုပ်ရှားသွားပြီး ရုတ်တရက် ပျောက်ကွယ် သွားလေသည်။
ထိုအခါမှသာ တစ္ဆေ မဟာမိတ် တပ်သခင်၊ အသူရာဂိုဏ်းသခင်နှင့် အခြား ထိပ်သီးပုဂ္ဂိုလ်များ အားလုံး စိတ်သက်သာရာ ရသွားကြသည်။
အစောပိုင်းက လန်ရှင်းအာနှင့် အခြားသူများကို သူတို့ အရင်ဦးအောင် မသတ်ခဲ့ပါက လမ်းမထက်၌ အလောင်းများ ယခုထက်မက ပိုရှိနေလောက်သည်ကို သူတို့ ကြိုသိနေခဲ့သည်။
နတ်ဘုရားသတ်သမားပါတကာ။
လူတိုင်းသည် ယဲ့ဖန် ပျောက်ကွယ်သွားရာ အရပ်သို့ ခြောက်ခြားစွာ ကြည့်နေမိကြသည်။
“အူးလန်ဂြိုဟ်ပါလား”
တစ္ဆေမဟာမိတ် တပ်သခင် မျက်မှောင်ကြုတ်သွားသည်။
“အဲ့ဒါက နတ်ဆိုး ဧကရာဇ်နဲ့ ဧကရီတို့ မွေးဖွားရာနေရာပဲ။ တစ်ခါတုန်းက အဲ့ဂြိုဟ်က စည်ပင်သာယာပြီး ဂုဏ်ဝင့်ထည်ခဲ့တာပေါ့”
“အဲ့ဒါက ငါတို့ဂြိုဟ်စုနယ်မြေရဲ့ ဂုဏ်ယူစရာလည်း ဖြစ်ခဲ့တယ်”
“ဒါပေမဲ့ အခုတော့ …”
တစ္ဆေ မဟာမိတ် တပ်သခင်သည် နတ်ဆိုးဧကရာဇ်ကို တစ်ခါမှ မမြင်ဖူးပါ။ သို့သော် နတ်ဆိုးဧကရာဇ်၏ မရေတွက်နိုင်သော ဒဏ္ဍာရီလာပုံပြင်များကို ကြားဖူးခဲ့သည်။
ယခင်က ကမ္ဘာဦး ဂြိုဟ်စုနယ်မြေသည် နတ်ဆိုးဧကရာဇ်နှင့် ဧကရီတို့ကြောင့် ဂုဏ်ယူခဲ့ကြသည်။
“ဒီတစ်ခေါက်တော့ ကမ္ဘာဦး ဂြိုဟ်နယ်မြေကြီးက ကောင်းချီးပေးခံရတော့မယ်နဲ့ တူတယ်၊ ပြီးတော့ ငါ ပြိုင်ဘက်တစ်ယောက်နဲ့လည်း ကြုံခဲ့ရတာပဲ”
အသူရာ ဂိုဏ်းသခင် မျက်မှောင်ကြုတ်နေသည်။ ယဲ့ဖန်၏ ခွန်အားက ကြောက်မက်ဖွယ် ကောင်းသော လောကအုပ်ချုပ်သူများနှင့် တိုက်ခိုက်ရန်ပင် လုံလောက်နေသည်ဟု သူ မသိမသာ ခံစားမိနေသည်။
ထိုစဉ် အသူရာ ဂိုဏ်းသခင် တွေဝေလာသည်။
“ဟုတ်သားပဲ၊ မင်းတို့ ဒီလူငယ်လေးကို ရင်းနှီးနေတယ်လို့ မခံစားရဘူးလား”
*ဘယ်လို*
သူ့စကားက တစ္ဆေ မဟာမိတ် တပ်သခင်တို့အား သတိပေးလိုက်သလို ဖြစ်သွားသည်။ ယခင်က သူတို့သည် ယဲ့ဖန်၏ ပုံပန်းသဏ္ဌာန်ကို သေချာ မကြည့်ခဲ့မိသော်လည်း သူတို့ ယခု သေချာ တွေးကြည့်မိသောအခါ မြင်ဖူးသလို ခံစားလာရသည်။ သို့သော် ဘယ်မှာ မြင်ဖူးမှန်းကို စဉ်းစားမရ ဖြစ်နေသည်။
ထို့နောက်တွင်မူ တစ္ဆေ မဟာမိတ် တပ်သခင်သည် တစ်ခုခုကို တွေးမိသွားဟန်ဖြင့် တုန်ယင်လာသည်။
“ငါ … ငါ မှတ်မိပြီ”
တစ္ဆေ မဟာမိတ် တပ်သခင်သည် ကြောက်မက်ဖွယ်ကောင်းသည့် တစ်စုံတစ်ရာကို တွေးမိသွားဟန်ဖြင့် ထိတ်လန့်ခြောက်ခြားနေ၏။
သူ့ပုံစံကြောင့် ကျန်လူများအားလုံး မျက်မှောင်ကြုတ်လာသည်။
“တစ္ဆေအိုကြီး မင်း သူ့ကို တကယ် မြင်ဖူးတာလား”
အသူရာ ဂိုဏ်းသခင်က တအံ့တဩနှင့် တစ္ဆေ မဟာမိတ် တပ်သခင်ကို မေးလိုက်သည်။ သူ့စကားကြောင့် တစ္ဆေ မဟာမိတ် တပ်သခင်က မချိပြုံး ပြုံးလာသည်။
“ငါပဲ မြင်ဖူးတာ မဟုတ်ဘူး၊ လွန်ခဲ့တဲ့ နှစ်ရာချီတုန်းက နတ်ဆိုးသုတ်သင်ခြင်း စစ်ပွဲမစခင် အချိန်က မင်းတို့အားလုံး သူ့ရုပ်တုကို မြင်ဖူးကြတာပဲလေ …”
*ရုပ်တုလား*
ထိုစကားကြောင့် လူတိုင်း၏ စိတ်ထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
နတ်ဆိုးသုတ်သင်ခြင်း စစ်ပွဲမစခင်အချိန်က ကမ္ဘာဦး ဂြိုဟ်စုနယ်မြေ၏ ဂြိုဟ်များအားလုံး၌ ရုပ်တုများ မရေတွက်နိုင်အောင် ရှိခဲ့သည်။ ထိုရုပ်တုအားလုံးသည် လူနှစ်ယောက်၏ ရုပ်တု များသာ ဖြစ်လေသည်။
ရုပ်တုတစ်ခုသည် နတ်ဆိုးဧကရာဇ်၏ ရုပ်တုဖြစ်ပြီး ကျန်တစ်ခုကား နတ်ဆိုးဧကရီ၏ ရုပ်တုသာ ဖြစ်သည်။
*ဒါဆို ဒီလူက …*
ယဲ့ဖန်၏မျက်နှာကို ပြန်မြင်ယောင်ရင်း လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာက ရုပ်တု၏ မျက်နှာကို ပြန်အမှတ်ရသွားသည်။ အားလုံး၏ စိတ်ထဲ၌ ကြောက်မက်ဖွယ် အတွေးတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။
“နတ်ဆိုး … နတ်ဆိုးဧကရာဇ်”
“မြတ်စွာဘုရား … သူ ပြန်လာပြီ၊ သူ ပြန်လည်မွေးဖွားလာပြီ၊ သူ … သူ မသေသေးဘူးပဲ”
*ဟာ*
ထိုသို့သောအချိန်၌ ကမ္ဘာဦး ဂြိုဟ်စုနယ်မြေ၏ ထိပ်သီးပုဂ္ဂိုလ်များအားလုံး ရင်တုန်လာ ကြသည်။
ပျော်ရွှင် စိတ်လှုပ်ရှားသော အမူအရာများက အားလုံး၏ မျက်နှာထက်၌ ထင်ဟပ်လာ၏။ ယဲ့ဖန် ထွက်သွားရာဘက်ကိုကြည့်ရင်း သူတို့ ရူးမတတ် ဖြစ်လာကြသည်။
“လာကြဟေ့ … နတ်ဆိုးဧကရာဇ်နဲ့ တွေ့ကြမယ်။ ငါတို့ ကမ္ဘာဦးဂြိုဟ်စုနယ်မြေကြီးရဲ့ ထိပ်တန်း ဂုဏ်ကျက်သရေဆောင်သူနဲ့ တွေ့ကြမယ်”
ချက်ချင်းဆိုသလိုပင် ကမ္ဘာဦး ဂြိုဟ်ဟုနယ်မြေ၏ အင်အားစုများအားလုံးသည် တစ်ပြိုင်နက် လှုပ်ရှား၍ အူးလန်ဂြိုဟ်သို့ ဦးတည်ထွက်ခွာလာကြသည်။