ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shinစာစဉ် 28 CHAPTER (412) ငါက ကမ္ဘာဂြိုဟ်က လာတာ
တိတ်ဆိတ်ခြင်း။ ယခုအချိန်၌ အသံပိတ်ထားသော ခလုတ်အား နှိပ်ထားသကဲ့သို့ တိတ်ဆိတ်လို့ နေသည်။
ထိတ်လန့်ဖွယ်ကောင်းသော ဧကရာဇ် အကြီးအကဲက ယဲ့ဖန်ရှေ့တွင် ကလေးကဲ့သို့ လေးစားစွာဖြင့် ဒူးထောက်နေသည်ကို လူတိုင်း မြင်နေရသည်။
ဂရေးကလန်သားများသည် ယခင်က ယဲ့ဖန်၏ နောက်ခံကို မသိခဲ့ကြပေ။ ယခုအချိန်၌ သူတို့သည် အိပ်မက်ထဲ ရောက်နေသကဲ့သို့ ခံစားနေကြရသည်။
ဂလု!
ပီယားသည် တံတွေးကို မနည်းမျိုချလိုက်ပြီး သူ့နဖူးမှ ချွေးများ တဒီးဒီးစီးကျလာသည်။ ဤမြင်ကွင်းက နဂါးငွေ့တန်း အင်ပါယာတစ်ခုလုံးအား ထိတ်လန့်သွားစေလိမ့်မည်ဆိုတာကို သူ သေချာပေါက် ရိပ်စားမိနေသည်။
ဧကရာဇ် အကြီးအကဲ၏ ဘိုးဘေးက အသက်ရှင်လျက် ရှိနေလိမ့်ဦးမည်ဟု မည်သူမျှ ထင်မထားမိချေ။ ပို၍ အံ့ဩစရာကောင်းသည်က သူသည် လူငယ်လေးတစ်ယောက် ဖြစ်နေခြင်းပင်။
ထို့စဉ် ယဲ့ဖန်က ငရဲဝံပုလွေဆိုးအား မတ်တပ်ရပ်စေလိုက်ပြီး အလွန်သနားသော အကြည့်များဖြင့် ပြောလိုက်သည်။
“ကောင်လေး ထတော့”
*ကောင်လေးတဲ့လား*
လူငယ်လေးတစ်ယောက်က ဧကရာဇ် အကြီးအကဲကို ကောင်လေးလို့ ခေါ်နေသည်။ လူတိုင်း သူတို့၏ ယုံကြည်မှုအပေါ် မေးခွန်းထုတ်ချင်လာသည်။
သို့သော် ယဲ့ဖန်၏ စကားကို ကြားပြီးနောက် ဧကရာဇ် အကြီးအကဲ၏ မျက်လုံးများက ချက်ချင်း နီရဲကာ စိုစွတ်လာ၏။
ထို့နောက် သူသည် ကိုယ်ကိုကိုင်း၍ အလွန် ရိုသေလေးစားဟန်ဖြင့် ပြောလာသည်။
“ကျွန်တော့်အဘိုးဆီကနေ ကျွန်တော်တို့ရဲ့ ဘိုးဘေးအကြောင်း ဇာတ်လမ်းတွေ ကျွန်တော် ကြားခဲ့ဖူးပါတယ်။ ကျွန်တော့်နှလုံးသားထဲမှာ ဘိုးဘေးက ကျွန်တော့်ယုံကြည်ရာအဖြစ် အမြဲ ရှိနေပါတယ်”
“ဘိုးဘေးကြောင့်သာ မဟုတ်ဘူးဆိုရင် ငရဲကလန် ရှိလာမှာ မဟုတ်ပါဘူး”
သူ၏ အဘိုးနှင့် အဖေတို့ ထွက်မသွားခင်က အမူအရာကို ငရဲဝံပုလွေဆိုး မှတ်မိနေပါသေးသည်။ သူတို့၏ မျက်နှာထက်တွင် ကြောက်ရွံ့ခြင်း သို့မဟုတ် ဝမ်းနည်းခြင်းမျှ ရှိမနေဘဲ ဂုဏ်ယူဝင့်ကြွားဟန်နှင့် သတ္တိရှိနေဟန်တို့သာ ကြီးစိုးနေခဲ့သည်။
ဧကရာဇ် အကြီးအကဲ၏ စကားများကို ကြားပြီး ယဲ့ဖန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သို့သော် ဤမြင်ကွင်းကို ကြည့်ပြီး ပီယား ပို၍ ထိတ်လန့်ကာ ဒေါသထွက်လာသည်။
သူ၏ ထိတ်လန့်မှုအား အတင်းအကြပ် ထိန်း၍ ယဲ့ဖန်ထံသို့ ခွေးပေါက်ကဲ့သို့ မျက်နှာချိုသွေးသော အပြုံးဖြင့် မော်မော်ကြွားကြွားဖြင့် ခပ်သွက်သွက် လျှောက်လာသည်။
“ဟားဟား … ကြည့်ရတာ ကြက်ဥက ကျောက်တုံးကို ရန်စနေသလို ဖြစ်သွားတယ်ထင်တယ်။ ကျုပ်တို့က မိသားစုတွေ ဖြစ်နေပင်မယ့် တစ်ယောက်နဲ့တစ်ယောက် မသိဘူး ဖြစ်နေကြတာပဲ”
“အရှင်ဘိုးဘေး၊ ခင်ဗျားက ဧကရာဇ် အကြီးအကဲရဲ့ ဘိုးဘေး ဆိုမှတော့ ခင်ဗျားက နဂါးငွေ့တန်း အင်ပါယာရဲ့ ဘိုးဘေးဆိုလည်း မှန်ပါတယ်ဗျာ။ အစတုန်းက ခင်ဗျားကို ကမ္ဘာမြေသားတစ်ယောက်လို့ ကျုပ် ထင်ခဲ့မိတာ၊ ဒါကြောင့်လည်း ကျုပ်တို့ကြားမှာ နားလည်မှုလွဲသွားခဲ့တာပါ။ ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ”
ပီယား ဖြီးဖြန်း၍ ပြောလိုက်သည်။ ဧကရာဇ် အကြီးအကဲကြောင့် ယဲ့ဖန်က သူ့ကို ရန်သူအဖြစ် မသတ်မှတ်လောက်ဟု ပီယား ယုံကြည်နေသည်။
သို့သော် ယဲ့ဖန်က ပီယားအား စူးစိုက်ကြည့်ကာ မနှစ်မြို့ဖွယ်ကောင်းသော အပြုံးဖြင့် ပြောလိုက်သည်။
“မင်း မှားနေပြီ။ ငါက ကမ္ဘာမြေသားတစ်ယောက်ပဲ။ ငါကိုက … ယဲ့ဖန်ပဲ”
*ဘာ*
သူ့စကားကြောင့် ပီယား တစ်ခဏမျှ ကြောင်အသွားသည်။ ထိုစဉ် ယဲ့ဖန်က ဆက်ပြောလာသည်။
“အိုး ငါက နတ်ဆိုးတစ်ကောင်လေ။ နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို သတ်တဲ့ နတ်ဆိုးမျိုးပေါ့”
သူ၏ ခက်ထန်သော စကားများအဆုံး၌ ယဲ့ဖန်သည် နတ်ဆိုးချီဓာတ်များကို ထုတ်လွှတ်လာသည်။ ပီယား ချက်ချင်းဆိုသလို ထိတ်လန့်၊ ကြောက်ရွံ့သွားသည်။
“မင်း … မင်း”
ပီယား မြန်နိုင်သမျှ မြန်မြန် နောက်ဆုတ်မိသည်။ သူ နားဝေတိမ်တောင် ဖြစ်နေ၏။ သူ လုံးဝကို မှင်တက်နေသည်။
ဧကရာဇ် အကြီးအကဲ၏ ဘိုးဘေးက နတ်ဘုရားတို့၏ ထိပ်တန်း ရန်သူဖြစ်သည့် နတ်ဆိုးတစ်ကောင် ဖြစ်နေလိမ့်မည်ဟု သူ ထင်မှတ်မထားမိပါ။
*ဒါ … လုံးဝ မဖြစ်နိုင်ဘူး*
ယဲ့ဖန်၏ ပြင်းထန်ကြမ်းကြုတ်သည့် ချီဓာတ်ကို အာရုံခံမိပြီးနောက် ပီယား ထိတ်ထိတ်ပျာပျာ ဖြစ်လာသည်။
“ဧကရာဇ် အကြီးအကဲ ကျွန်တော့်ကို ကူပါဦး”
သူ၏ ကြောက်စိတ်မွှန်နေသော စကားကို ကြားပြီးနောက် ငရဲဝံပုလွေဆိုးက အထင်သေးသော အပြုံးမျိုး ပြုံးလာပြီး ပြန်ပြောလိုက်သည်။
“မင်းကို ကူညီရမယ်ဟုတ်လား။ စောက်ရူး”
“ငရဲကလန်က နတ်ဆိုးတွေအတွက်ပဲ တိုက်ခိုက်ပြီးတော့ နတ်ဆိုးတွေအတွက်ပဲ သေဆုံးမှာ”
*ဘာ*
ကြောက်စိတ်ကြောင့် ပီယား၏ ခြေထောက်များ ခွေယိုင်လာသည်။ သူ၏စိတ်ဝိညာဉ်သည်လည်း ထိတ်ထိတ်ပျာပျာ ဖြစ်လာသည်။
သူ ချက်ချင်း နောက်လှည့်ကာ ထွက်ပြေးရန် ကြံလိုက်သည်။
*မြန်မြန်၊ မြန်မြန်၊ မြန်မြန်ပြေးရမယ်*
သူ ဆာရို ဂြိုဟ်နယ်မြေအတွင်းမှ ထွက်ပြေးချင်ပြီး ဤသတင်းအား အင်ပါယာထံသို့ ပြန်ယူသွား ချင်နေသည်။
ဂရေးကလန် သစ္စာဖောက်ပြီ၊ နတ်ဆိုးတွေ ပြန်ပေါ်လာပြီ၊ ဧကရာဇ် အကြီးအကဲတောင်မှ ပုန်ကန်လေပြီ။
နဂါးငွေ့တန်း အင်ပါယာတော့ ပရမ်းပတာ ဖြစ်တော့မည်။ ချက်ချင်းဆိုသလိုပင် ပီယား၏ မျက်နှာက အလွန်အမင်း ဖြူရော်လာသည်။
သို့သော် သူ မီတာဒါဇင်နှင့်ချီ၍ ထွက်ပြေးပြီး မကြာခင်မှာပင် သူ့ပြေးလမ်းရှိ လေထဲတွင် ကြီးမားသော နတ်ဆိုးလက်တစ်ဘက် ပေါ်လာသည်။
“မဖြစ်ဘူး”
ပီယား အသည်းအသန် အော်လိုက်မိသည်။
ရွှစ်!
ပီယား၏ ဦးခေါင်းသည် ချက်ချင်းဆိုသလို ပြတ်ထွက်သွားသည်။ သူ၏ အလောင်းသည် မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။
ပီယား၏ မျက်နှာတွင် ကြောက်စိတ်အပြင် ထိတ်လန့်စိတ်များနှင့် ပြည့်နှက်နေသည်။
သူသည် နဂါးငွေ့တန်း အင်ပါယာ၏ ကိုးယောက်မြောက် တော်ဝင်သခင် ဖြစ်သော်လည်း ပုရွက်ဆိတ်ကဲ့သို့ လက်ဝါးတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်။
သို့သော် ဖရိုဖရဲအခြေအနေက မပြီးသေးချေ။ ပီယားအား တစ်ချက်တည်းဖြင့် သတ်လိုက်ပြီးနောက် ယဲ့ဖန်သည် သူ၏ အလောင်းပေါ်သို့ နင်းလာသည်။ ထို့နောက် သူ၏ လက်ဖဝါးမှ အနက်ရောင် အလင်းတန်းများ လင်းလက်လာ၏။
ထို့နောက် သူသည် အလောင်းအား အားနှင့် ဆောင့်ဆွဲလိုက်သည်။ ဂျွတ်ခနဲ အသံနှင့်အတူ ပီယား၏ စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်ထဲမှ ကွဲထွက်လာသည်။
တစ်ချိန်တည်းမှာပင် ပီယား၏ စိတ်ဝိညာဉ်ထံမှ စူးရှသော အော်သံ ထွက်ပေါ်လာသည်။
*ငါ့စိတ်ဝိညာဉ်*
ပီယားတစ်ယောက် သူ၏ စိတ်ဝိညာဉ်အား ဆွဲဖြဲခံလိုက်ရသလို ခံစားလိုက်ရသည်။
“ဆာ … ကျုပ် … ကျုပ်ကို မသတ်ပါနဲ့။ ကျုပ်က တော်ဝင်အမိန့်ကို ဖြန့်ဝေပေးရမယ့် တာဝန်ပဲ ယူထားရတာပါ။ ခင်ဗျားကို တကယ် သတ်ချင်နေတဲ့သူက ကျုပ်အစ်ကိုကြီး နဂါးငွေ့တန်း အင်ပါယာရဲ့ ဧကရာဇ်ပါ”
ပီယား အလွန်အမင်း ကြောက်လန့်လို့နေသည်။ သူ၏ ခန္ဓာကိုယ် ဖျက်ဆီးခံထားရစဉ်က သူ ထိတ်ထိတ်ပျာပျာ ဖြစ်ရုံလောက်သာ ဖြစ်ခဲ့သည်။
သို့သော် သူ၏ စိတ်ဝိညာဉ်သာ ပျက်ဆီးသွားပါက သူ ဘယ်သောအခါမှ ပြန်လည်ဝင်စားနိုင်မည် မဟုတ်တော့ပေ။
“ကျေးဇူးပြုပြီး ကျုပ်ကို လွှတ်ပေးပါ။ ကျုပ် ပြန်ရောက်သွားတဲ့ အချိန်ရောက်ရင် ကျုပ်အစ်ကိုကို အဲ့အတွေးတွေကို စွန့်လွှတ်လိုက်ဖို့ နားချပေးပါ့မယ်။ မင်းရဲ့ ဂုဏ်သတင်းကို ဧကရာဇ်ရဲ့ ဘိုးဘေးအဖြစ် ချီးမြှင့်ဂုဏ်ပြုခံရမယ်လို့ ငါ ကတိပေးပါတယ်”
ပီယားသည် ယဲ့ဖန်ထံမှ ခွင့်လွှတ်မှုကို တောင်းခံနေသည်။ သို့သော် ယဲ့ဖန်က သူ၏ စကားများကို လျစ်လျူရှုထားသည်။
သူသည် မျက်လုံးမှတစ်ဆင့် ခရမ်းရောင်အလင်းများ ထုတ်ဖော်လိုက်ပြီး ပီယား၏ စိတ်ဝိညာဉ်အား ဖျစ်ညှစ်လိုက်သည်။
သူသည် သူ၏ စိတ်ဝိညာဉ်အား ရှာဖွေစမ်းစစ်နေသည်။ သူ ဘယ်ကနေ ကမ္ဘာဂြိုဟ်ကို သိတာသလဲ ဆိုတာနှင့် နဂါးငွေ့တန်း အင်ပါယာ၏ ဧကရာဇ်က အဘယ်ကြောင့် ကမ္ဘာဂြိုဟ်အား ရှင်းလင်းပစ် ချင်နေတာလဲ ဆိုတာကို သူ သိချင်နေသည်။
“အား…အား…အား”
ရုတ်တရက် ပီယားသည် သူ၏ စိတ်ဝိညာဉ်အား ဓားဖြင့် မွှမ်းသလို ခံစားလိုက်ရသည်။ ယဲ့ဖန်က သူ၏ မှတ်ဉာဏ်များကို ရှာဖွေဖတ်ရှုနေပြီးနောက် မျက်မှောင်ကြုတ်လာသည်။
ပီယားက အမှိုက်သာသာအဆင့်လောက်သာ ရှိသည်ကို သူ သိလိုက်ရသည်။ နဂါးငွေ့တန်း အင်ပါယာ၏ ဧကရာဇ်က ‘ကမ္ဘာဂြိုဟ်’ ဟူသော စကားလုံးကို ဘယ်လိုသိလာတာလဲဆိုတာကို ပီယား မသိသလို ဘာကြောင့် ဧကရာဇ်က ကမ္ဘာဂြိုဟ်အား သုတ်သင်ပစ်ချင်နေတာလဲဆိုတာကိုပါ မသိချေ။
ပီယား ဘာဆိုဘာမှမသိပေ။ သူသည် အရူးတစ်ယောက်နှင့် တူနေသည်။
“အသုံးမကျလိုက်တာ”
ယဲ့ဖန်သည် မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ရေရွတ်လိုက်သည်။ ထို့နောက် သူ့လက်ဖဝါးထက်တွင် ငရဲမီးတစ်ခု ပေါ်လာသည်။
ဝီ!
ပီယား၏ စိတ်ဝိညာဉ် မီးမြှိုက်ခံလိုက်ရသည်။
“မလုပ်နဲ့”
ပီယား၏ စိတ်ဝိညာဉ်က အသည်းအသန် အော်ဟစ်လေတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ စိတ်ဝိညာဉ်သည် မုန့်မုန့်ညက်ညက် ကြေအောင် မီးမြှိုက်ခံလိုက်ရသည်။
သူ သေသွားလေပြီ။ နဂါးငွေ့တန်း အင်ပါယာ၏ ကိုးယောက်မြောက် တော်ဝင်သခင်သည် ယဲ့ဖန်လက်ထဲတွင် ကြက်တစ်ကောင် သို့မဟုတ် ဝက်တစ်ကောင်ကဲ့သို့ သတ်ဖြတ်ခံလိုက်ရလေ၏။
ဘေးပတ်လည်မှ ဂရေးကလန်သားများသည် ယဲ့ဖန်အား ထိတ်လန့်ပြီး လေးစားနေဟန်ဖြင့် ကြည့်နေကြသည်။ ယဲ့ဖန်သည် ဂရေးကလန်၏ ဘိုးဘေးအား ငရဲဝံပုလွေဆိုးကို အနိုင်ယူနိုင်ရန် စကားလုံးများဖြင့် ကူညီခဲ့သည်။
ယဲ့ဖန်သည် ဧကရာဇ် အကြီးအကဲအား သူ့ကို ဘိုးဘေးအဖြစ် မှတ်ယူလာအောင် လုပ်နိုင်ခဲ့သည်။ နောက်ဆုံးတွင် သူသည် ကိုးယောက်မြောက် တော်ဝင်သခင်အား တစ်ချက်တည်းဖြင့် သတ်ခဲ့သည်။
ထို့ကြောင့် ယဲ့ဖန်သည် ဂရေးကလန်သားတိုင်း၏ စံပြပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။ သို့သော် ယဲ့ဖန်သည် သူတို့၏ အပြုအမူများကို ဂရုမစိုက်ချေ။
သူသည် တစ်ဘက်လှည့်၍ ငရဲဝံပုလွေဆိုးအား မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“နဂါးငွေ့တန်း အင်ပါယာရဲ့ ဧကရာဇ်က ဘာလို့ ကမ္ဘာဂြိုဟ်ကို သုတ်သင်ချင်နေတာလဲဆိုတာ မင်း သိလား”
သူ့စကားအဆုံးတွင် ငရဲဝံပုလွေဆိုး၏ မျက်နှာထားက လေးနက်သွားသည်။ ထို့နောက် သူက ပြန်ဖြေလာသည်။
“ဘိုးဘေး၊ နဂါးငွေ့တန်း အင်ပါယာရဲ့ ဧကရာဇ်မှာ ပင်ကိုအစွမ်းအစတွေ ရှိပါတယ်။ သူက ရက်စက်ပြီး လူစိတ်ကင်းမဲ့တယ်။ ဒါပေမယ့် သူ့နှလုံးသားထဲမှာ လူတစ်ယောက်ပဲ ရှိနေပါတယ်။ အဲ့လူက နဂါးငွေ့တန်း အင်ပါယာရဲ့ ဘုရင်မပါ”
*နဂါးငွေ့တန်း အင်ပါယာရဲ့ ဘုရင်မ*
ယဲ့ဖန် ပို၍ မျက်မှောင်ကြုတ်သွားသည်။ ထိုစဉ် ဂရေးထူက ယဲ့ဖန်၏ သံသယကို ရိပ်စားမိပြီး ချက်ချင်း ရှင်းပြလာသည်။
“တကယ်တမ်းက နဂါးငွေ့တန်း အင်ပါယာရဲ့ တကယ့်အုပ်ချုပ်သူ အစစ်က နဂါးငွေ့တန်း အင်ပါယာရဲ့ ဧကရာဇ် မဟုတ်ပါဘူး၊ အရှင်မ ပါ”
“အရှင်မက နဂါးငွေ့တန်းတစ်ဝိုက်ကို အကြီးအကျယ် ပြောင်းလဲအောင် လုပ်ခဲ့တာပါ။ ဥပမာ ပြောရရင် ဧကရာဇ် အကြီးအကဲက အရင်ဧကရာဇ်ကို သတ်ခဲ့တုန်းက သူ ဘေးကင်းခဲ့ပါတယ်, ဘာလို့လဲဆိုတော့ သူက အရင်အရှင်မရဲ့ သဘောတူညီမှုကို ရခဲ့လို့ပါ”
*ငါ နားလည်ပြီ*
ယဲ့ဖန် ခေါင်းညိတ်လိုက်သော်လည်း သံသယဝင်နေဆဲပင်။ ကမ္ဘာဂြိုဟ်နှင့် ဘုရင်မကြားက ပတ်သက်မှုကို သူ သိချင်နေမိသည်။
သို့သော် ဧကရာဇ် အကြီးအကဲ ထပ်ပြောလာသည့် စကားအဆုံးတွင်တော့ ယဲ့ဖန် ထိတ်လန့်သွားရသည်။
“ဘိုးဘေး အရင်ဘုရင်မက သေသွားပါပြီ။ ဒါပေမယ့် လက်ရှိဘုရင်မက ... ကမ္ဘာဂြိုဟ်က လာခဲ့တာပါ”