ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shinစာစဉ် (37) Chapter (542) တစ်ကွက်နဲ့တင် လုံလောက်တယ်
“သုံးကွက်အတွင်း မင်းကို သတ်ပစ်မယ်”
ယဲ့ဖန်၏ စကားသံအဆုံး၌ ကပ်ဆိုးဂြိုဟ်တစ်ခုလုံး ငြိမ်သက်သွားသည်။ ထောင်သောင်းချီသော သိုင်းပညာရှင်များ အံ့အားသင့်နေကြသည်။
သူတို့ ကိုယ့်သေတွင်း ကိုယ်တူးသူများကို မြင်ဖူးသော်လည်း ဤမျှရဲတင်းလွန်းသည့် ကိုယ့်သေတွင်း ကိုယ်တူးသောလူမျိုး မမြင်ခဲ့ဖူးချေ။
*အရူး*
များစွာသော လူများက ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။
*ဒီလူက အစောပိုင်းတုန်းက ဝံပုလွေလေးရဲ့ ရိုက်နှက်တာကို ခံရပြီးတော့ ဆက်တိုက် ဒဏ်ရာရပြီး ပြန်တိုက်နိုင်တဲ့ ခွန်အားတောင် မရှိတာ*
*အခု သူ့ထက် ဆယ်ဆမက ပိုအင်အားကြီးတဲ့အပြင် ဝံပုလွေလေးကို သုံးကွက်အတွင်း အနိုင်ယူခဲ့တဲ့ နတ်ဘုရားသားတော်ကို သူက စိန်ခေါ်နေပါလား*
*စစ်ရထားကို အတင်းတားချင်နေတဲ့ အရူးလိုပဲ၊ တစ်ဖက်လူရဲ့ အရည်အချင်းကို တော်တော် အထင်သေးတာပဲ*
ဘေးပတ်လည်မှ လူများသာမက ခန်းမသခင်တို့ပါ အကြီးအကျယ် မျက်နှာပျက်သွားကြသည်။
“သခင်ကြီး မလုပ်ပါနဲ့ …”
နဂါးနက် ခန်းမ၏ သိုင်းပညာရှင်များအားလုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်နေကြသည်။
ယဲ့ဖန်သည် ဝံပုလွေလေးနှင့် တိုက်ခိုက်စဉ်က မသေခဲ့သော်လည်း နတ်ဘုရား သားတော်နှင့် တိုက်ခိုက်ပါက သူ သေချာပေါက် သေဆုံးသွားနိုင်သည်။
ထိုအချိန်၌ ဝံပုလွေလေးတောင်မှ မှင်တက်သွားရသည်။ သူသည် ယဲ့ဖန်အား ဝေခွဲမရဟန်ဖြင့် ကြည့်နေမိသည်။
“နဂါးနက် အရှင်သခင်၊ အခု ခင်ဗျား ကျုပ်ဘက်က ရပ်တည်ပေးတဲ့အတွက် ကျုပ် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ခင်ဗျားက သူ့ပြိုင်ဘက် မဟုတ်ဘူး၊ ဖယ်လိုက်ပါ”ဝံပုလွေလေးသည် ယဲ့ဖန်၏ ရန်သူ ဖြစ်သော်လည်း ယခုအချိန်၌ နတ်ဘုရား သားတော်၏ လက်ထဲတွင် သူ့အား အသတ်ခံရမည်ကို မလိုလားဟန် ပေါ်နေသည်။