Chapter 468

972 92 1
                                        

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (32) Chapter (468) အဲ့ဒီပုဂ္ဂိုလ်

ထိုသို့သောအချိန်၌ ကျားနက် ဧကရာဇ်၏ သွေးများက ကျားနက်ဂြိုဟ်တစ်ခုလုံးသို့ စီးဆင်းနေသည်။ နတ်ဘုရား သွေးမိုး ရွာသွန်းထားလေသလားဟု ထင်မှတ်ရလေသည်။
ထိုပူနွေးသော သွေးများက ကျားနက်ဂြိုဟ်ပေါ်ရှိ သိုင်းပညာရှင်များ၏ ခန္ဓာကိုယ်ပေါ်သို့ တဖွဲဖွဲ ရွာသွန်းလာသည့်အခါ၌ အားလုံး ထိတ်လန့်တုန်ယင်သွားကြသည်။
“တော် …တော်တော် ရက်စက်တာပဲ”
သိုင်းပညာရှင်များအားလုံးသည် ကောင်းကင်ထက်ရှိ ယဲ့ဖန်အား သရဲသဘက်အား ကြည့်သကဲ့သို့ ထိတ်လန့်တကြား ကြည့်မိသွားသည်။
အသွင်ပြောင်းလဲပြီးနောက် ကျားနက် ဧကရာဇ်သည် အလွန် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုး ခန္ဓာကိုယ်နှင့် နတ်ဘုရားတို့၏ သာမန်မဟုတ်သော နတ်ဘုရား စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ခဲ့သည်။
သို့သော် ယခုအခါတွင် သူသည် ကြက်ပေါက်လေးကဲ့သို့ ယဲ့ဖန်၏ နုပ်နုပ်စင်းခြင်းကို ခံနေရသည်။ ဤသည်မှာ အလွန် အံ့ဩဖွယ်ကောင်းလှသည်။
ထိုသို့သောအချိန်၌ ခြေထောက်တစ်ဖက် လွင့်ပျံသွားပြီးနောက် ကျားနက် ဧကရာဇ်၌ ခန္ဓာကိုယ် တစ်ဝက်သာ ကျန်ရစ်လေတော့သည်။
သူသည် ဆိုးဆိုးရွားရွားကို အခြေအနေ ဆိုးနေသည်။ ပြင်းထန်သော နာကျင်မှုက သူ့အား ရူးမတတ် ဖြစ်စေသည်။
“နတ်ဆိုး ဧကရာဇ်၊ မင်း နောင်တရလာလိမ့်မယ်၊ ငါ ဘယ်သူလဲဆိုတာကို တစ်နေ့ မင်း သိလာလိမ့်မယ်၊ မင်း ဘယ်သူ့ကို ရန်စမိလဲဆိုတာကို မင်း သိလာလိမ့်မယ်ကွ ...”
ကျားနက် ဧကရာဇ် ဟစ်ကြွေးလာသည်။ သူ၏ မျက်လုံးထဲတွင် မုန်းတီးမှုနှင့် မကျေမချမ်း ဖြစ်နေဟန်များနှင့် ပြည့်နှက်နေ၏။
“မင်းရဲ့ လက်ရှိခွန်အားနဲ့ဆိုရင် မင်း အဲ့ဒီပုဂ္ဂိုလ်ကို ခံနိုင်မှာ မဟုတ်ဘူး။ မင်းမှာ သူ့ကို ရန်စနိုင်တဲ့ အစွမ်းအစ မရှိဘူးကွ”
*အဲ့ဒီ ပုဂ္ဂိုလ်တဲ့လား*
ထိုစကားကိုကြားပြီး ယဲ့ဖန် တစ်ဒင်္ဂမျှ တောင့်တင်းသွားသည်။
“ဟီးဟီး ... အဲ့ဒီပုဂ္ဂိုလ်က ဘယ်သူလဲဆိုတာကို မင်း မသိချင်ဘူးမလား”
“ဒါပေမဲ့ ဒါကိုတော့ မှတ်ထားလိုက်၊ ဒီနေ့ ငါ့ရဲ့သေဆုံးမှုက မင်းရဲ့ ကံဆိုးခြင်းရဲ့ အစပဲကွ။ ဟားဟားဟား ...”
နောက်ဆုံးတွင် ကျားနက် ဧကရာဇ်သည် အရူးတစ်ယောက်ကဲ့သို့ အရူးအမူး ရယ်မောလေသည်။ ဤမြင်ကွင်းကြောင့် ယဲ့ဖန်၏ မျက်လုံး၌ အေးစက်စက် အလင်းတန်းများ ဖြတ်ပြေးသွားသည်။
“မင်းလို နှစ်မျိုးစပ်ကောင်ကို မွေးထုတ်နိုင်မှတော့ အဲ့ဒါကလည်း အကောင်ကြီးတဲ့ နှစ်မျိုးစပ်ကောင်ကြီး ဖြစ်ရမယ်”
“ဒီနေ့ ငါ မင်းကို စုတ်ဖြဲနိုင်တယ်၊ ဒီတော့ နောက်နေ့တွေမှာလည်း ငါ သူ့ကို သတ်ဦးမှာ”
ထိုသို့ပြောပြီး ယဲ့ဖန်၏ လက်ဝါးသည် လျှပ်စီးသဖွယ် ကျားနက် ဧကရာဇ်အား တစ်စစီ စုတ်ဖြဲလေတော့သည်။
*ဘာ*
ကျားနက် ဧကရာဇ်၏ မျက်လုံး၌ ကြောက်စိတ်နှင့် စိတ်ဓာတ်ကျဟန်များ ရောယှက်လာသည်။
ဂျွတ်!
နောက်ဆုံးတွင် သူ၏မျက်ခုံးအား ယဲ့ဖန်၏ လက်ဝါးက ပြင်းထန်စွာ ရိုက်နှက်လာသည်။ သူ၏ မျက်လုံးများ အေးခဲကာ ငြိမ်သက်သွားလေသည်။
ကျားနက် ဧကရာဇ် သေသွားလေပြီ။
ယဲ့ဖန်က ကျားနက် ဧကရာဇ်၏ နတ်ဘုရား အမြုတေကို ဆွဲထုတ်လိုက်ချိန်တွင် ကျားနက်ဂြိုဟ်ပေါ်ရှိ သိုင်းပညာရှင်များအားလုံး အပြင်းအထန် တုန်လှုပ်သွားကြသည်။
လူတိုင်း ကြက်သီးမွေးညင်းထကာ ကောင်းကင်ထက်မှ ယဲ့ဖန်ကို မော့ကြည့်၍ ဒူးထောက်လိုက် ကြသည်။
“ကျွန်တော်မျိုးတို့ နတ်ဆိုး ဧကရာဇ်ကို အရိုအသေပေးပါတယ်”
ထိုအသံသည် ကမ္ဘာတုန်စေလောက်သည်။ ထိုအခါမှစ၍ ကျားနက်ဂြိုဟ်တစ်ခုလုံးကို နတ်ဆိုးများ အုပ်စိုးသွားလေတော့သည်။
….
တစ်ချိန်တည်းမှာပင် ကျားနက်ဂြိုဟ်နှင့် ထောင်သောင်းချီသော ဝေးသော ဂြိုဟ်များအကျော်၌ နဂါးတစ်ကောင် ပုံသဏ္ဌာန်ရှိသော ဂြိုဟ်တစ်လုံး ရှိနေသည်။ ထိုဂြိုဟ်သည် နဂါးနက်တောင် ဂြိုဟ်နယ်မြေကြီး၏ ပင်မဂြိုဟ်ပင် ဖြစ်လေသည်။
နဂါးငွေ့တန်း အင်ပါယာဖြစ်စေ၊ ကျားနက် အင်ပါယာဖြစ်စေ၊ ထိုအင်ပါယာအားလုံးသည် နဂါးနက်တောင် ဂြိုဟ်နယ်မြေကြီး၏ အစိတ်အပိုင်းများ ဖြစ်လေသည်။
ထိုနဂါးဂြိုဟ်ပေါ်၌ နန်းတော်တစ်ခု တည်ရှိသည်။ ထိုနန်းတော်၌ အနက်ရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ကြမ်းပေါ်ခင်းရန် ခေါက်လိပ်နိုင်သည့် မွေ့ရာတ်စခုပေါ်၌ ငြိမ်သက်စွာ ထိုင်နေသည်။
ထိုသူသည် မျက်လုံးကိုမှိတ်၍ ကျင့်ကြံနေသည်။ ထိုသူ၏ ပတ်လည်၌ အနက်ရောင် ချီမျှင်စုများ ရစ်ဝဲနေ၏။ နောက်ဆုံးတွင် ထိုချီမျှင်စုများသည် အနက်ရောင် မြွေတစ်ကောင်အသွင် ပြောင်း၍ သူ၏ မျက်ခုံးကြားထဲသို့ တိုးဝင်လာသည်။
ထို့နောက်တွင်မူ သူ၏မျက်ခုံးကြား၌ နဂါးသဏ္ဌာန် မှော်စာလုံးတစ်လုံး ပေါ်လာသည်။ ထိုအနက်ရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် မသန့်စင်သော လေများကို ပြန်ရှူထုတ်၍ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
သူ့မျက်လုံးတွင်း၌ အနက်ရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ ထူးဆန်းလှပေသည်။
“အဲ့ဒီပုဂ္ဂိုလ်ရဲ့ နတ်ဆိုးကျင့်စဉ်တွေထဲက ပထမတစ်ဝက်ကိုတော့ ငါ ကြိုးစားပမ်းစားနဲ့ အောင်အောင်မြင်မြင် ကျင့်ကြံပြီးသွားပြီပဲ”
“ကျင့်စဉ်ရဲ့ ဒုတိယအပိုင်းကို သူ ဘယ်အချိန် ပို့လာမလဲ ငါ မသိဘူး”
အနက်ရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသား မျက်မှောင်ကြုတ်နေသည်။ ထို့နောက် သူသည် အရှေ့မှ ကျောက်ပြာ စင်မြင့်ကို ဝေ့ကြည့်လိုက်သည်။
ထိုကျောက်ပြာစင်မြင့်ပေါ်၌ စိတ်ဝိညာဉ် မီးအိမ်များ ရှိနေလေသည်။ သို့သော် စိတ်ဝိညာဉ် မီးအိမ်တော်တော်များများက ငြိမ်းနေပြီ ဖြစ်သည်။ စိတ်ဝိညာဉ် မီးအိမ်နှစ်ခုသာ အစိမ်းရောင် မီးတောက်များ တောက်လျက်ရှိသည်။
ထိုသို့သောအချိန်၌ ကျားနက် ဧကရာဇ် သေဆုံးသွားပြီး သူ၏ နတ်ဘုရား စိတ်ဝိညာဉ် သေဆုံးသွားလေသည်။
ကျောက်ပြာစင်မြင့်ထက်ရှိ စိတ်ဝိညာဉ်တစ်ခုသည်လည်း တစ်ခဏမျှ တောက်နေပြီးနောက် ချက်ချင်း ငြိမ်းသွားသည်။
*ဘာ*
ဤမြင်ကွင်းကြောင့် အနက်ရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ချက်ချင်း မျက်နှာပျက်ကာ ဒေါသထွက်နေသည်။
“မဟုတ်ဘူး”
စူးရှသော အော်သံကြောင့် နန်းတော်တစ်ခုလုံး တုန်ခါသွားလေ၏။
ဝှစ်! ဝှစ်! ဝှစ်!
ဤနေရာရှိ ပြောင်းလဲမှုကြောင့် နန်းတော်ထဲမှ သိုင်းပညာရှင်များစွာအား ရုတ်ချည်းဆိုသလို ထိတ်လန့်သွားကြသည်။
သိုင်းပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် လူအယောက် သုံးဆယ်ကျော် ရောက်လာလေသည်။
အားလုံးနီးပါးသည် နတ်ဧကရာဇ် နောက်ဆုံးအဆင့်များ ဖြစ်ကြပြီး ရှေ့ဆုံးမှာ ထိတ်လန့်ဖွယ် ကောင်းသော လူအိုကြီးလေးယောက်သည် နတ်ဧကရာဇ် အထွတ်အထိပ်များ ဖြစ်နေကြသည်။
အရှိန်အဝါများက ခြောက်ခြားဖွယ်ကောင်းလှသည်။
ထိုထိတ်လန့်ဖွယ်ကောင်းသော လူများသည် ရောက်လာသည်နှင့် ချက်ချင်း ဒူးထောက်လာ ကြသည်။
“နယ်မြေသခင် ဘာများဖြစ်လို့ပါလဲ”
လူအယောက် သုံးဆယ်ကျော်တို့သည် မယုံကြည်နိုင် ဖြစ်နေကြသည်။ သူတို့၏ နယ်မြေသခင်သည် စိတ်လှုပ်ရှားခြင်း မရှိသည်မှာ နှစ်ထောင်ချီ ကြာခဲ့ပြီ ဖြစ်သည်။ သို့သော် ယခုအခါတွင် …
ထိုစကားကို ကြားသည်နှင့် အနက်ရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဘာမှမပြောဘဲ ငြိမ်းသွားသော စိတ်ဝိညာဉ် မီးအိမ်ကို ကြည့်နေသည်။
တိတ်ဆိတ်မှုက သိုင်းပညာရှင်အားလုံး၏စိတ်အား ပူပန်သွားစေသည်။ သူတို့ ဤနေရာသို့ ရောက်လာပြီးနောက် သူတို့၏ နယ်မြေသခင် စိတ်ထြ၌ သွေးမိုးများ ရွာနေသည်ဟု ခံစားမိနေသည်။
အချိန်အတော်ကြာပြီးနောက်။
“ကျားလေး … သေသွားပြီ”
*ဘယ်လို*
အနက်ရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသား၏ စကားအဆုံး၌ သိုင်းပညာရှင် အယောက်သုံးဆယ်ကျော်လုံး မျက်နှာပျက်သွားကြသည်။
ကျားလေး ဆိုသည်မှာ ကျားနက် ဧကရာဇ်ကို ဆိုလိုခြင်း ဖြစ်သည်။ ခက်ထန်သော နတ်ဧကရာဇ် နောက်ဆုံးအဆင့်သို့ ရောက်နေသည့် ကျားနက် ဧကရာဇ်က ဘယ်လိုကြောင့် သေသွားရသနည်း။
ထိုသို့သောအချိန်၌ သိုင်းပညာရှင် အယောက်သုံးဆယ်ကျော်လုံး စိတ်ဝိညာဉ် မီးအိမ်ကို လှမ်းကြည့်လိုက်မိကြသည်။
ငြိမ်းနေသော စိတ်ဝိညာဉ် မီးအိမ်ကိုမြင်ပြီး အားလုံး ရှက်ရွံ့သွားကြလေသည်။
“အဲ့ဒီနှစ်က အဲ့ဒီပုဂ္ဂိုလ်က ဒီဂြိုဟ်နယ်မြေကြီးထဲမှာ နတ်ဘုရားနဲ့ မကောင်းဆိုးဝါး ရှစ်ဆယ့်ရှစ်ယောက်ကို ထားခဲ့တယ်”
“ငါတို့က အင်မော်တယ်တွေ၊ နတ်ဆိုးတွေနဲ့ တစ္ဆေတွေ အထက်မှာရှိတဲ့ အသန်မာဆုံးသော မျိုးနွယ်ပဲ။ စိတ်မကောင်းစရာက ဒီလောက် နှစ်တွေကြာလာတဲ့အချိန်မှာ နတ်ဘုရားနဲ့ နတ်ဆိုးတွေရဲ့ ပဋိပက္ခကြောင့် ရှစ်ဆယ့်ခြောက်ယောက် သေဆုံးသွားခဲ့တယ်။ ငါနဲ့ ကျားလေး ပဲ ကျန်ရစ်ခဲ့တယ်”
အနက်ရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာက အလွန်အမင်း သုန်မှုန်လာသည်။ သတ်ဖြတ်လိုဟန်များက သူ့မျက်လုံး၌ အထင်းသား ပေါ်လွင်လာသည်။
“ကျားလေးက ငါ့ညီပဲ”
“သူ့ကို ဘယ်သူပဲ သတ်သတ်၊ အဲ့ကောင်ရဲ့ အလောင်းကို ခုတ်ထစ်ပြီး အရေခွံနွှာပစ်မယ်လို့ ငါ နဂါးနက် ကျိန်ဆိုတယ်”
အနက်ရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသား၏ ရူးသွပ်မတတ် ကြွေးကြော်သံ ထွက်ပေါ်လာသည်။
ဂါး!
ကြောက်လန့်ဖွယ်ကောင်းသော နဂါးနက်တစ်ကောင်၏ ဝိညာဉ်က သူ့နောက်ကျောမှ ထွက်ပေါ်လာသည်။
ထိုဝိညာဉ်သည် အစစ်အမှန် နဂါးတစ်ကောင်ကဲ့သို့ နက်မှောင်နေ၏။ ကြေးခွံများက ထင်ရှား၍ ဖျက်ဆီးမရနိုင်သော အရှိန်အဝါကို ထုတ်ဖော်နေသည်။
၎င်း၏သွားများကလည်း ချွန်ထက်၍ ကြောက်မက်ဖွယ်ကောင်းသော ဦးခေါင်းကလည်း တစ်ချက်ကြည့်ရုံနှင့် လူတို့အား တုန်ယင်သွားစေနိုင်သည်။
နဂါးတစ်ကောင် ငရဲမှ ထွက်လာလေသလားဟု ထင်မှတ်ရလေသည်။ ကြောက်မက်ဖွယ် ကောင်းလှပေ၏။
“နယ်မြေ အငွေ့အသက်”
ဤမြင်ကွင်းကိုမြင်ပြီး သိုင်းပညာရှင် သုံးဆယ်ကျော်လုံး သွေးပျက်ကာ မှင်တက်၍ ချွေးတဒီးဒီး ကျလာကြသည်။
နဂါးနက်၏ ရက်စက်သော လက်တုံ့ပြန်မှုကို သူတို့ အသိဆုံး ဖြစ်သည်။ တစ်ဖက်လူသည် ဒေါသထွက်နေသောကြောင့် နဂါးနက်တောင် ဂြိုဟ်နယ်မြေတစ်ခုလုံး မိုင်ထောင်သောင်းချီ သေဆုံး၍ ကောင်းကင်၌ သွေးနံ့များနှင့် ပြည့်နှက်လာတော့မည်ဟု ခံစားမိလာသည်။
“စစ်ဆေးကြစမ်း၊ ကျားနက် အင်ပါယာဆီ သွားစုံစမ်းဖို့ တစ်ယောက်ယောက်ကို ချက်ချင်း လွှတ်လိုက်၊ ကျားလေးကို သတ်ခဲ့တဲ့ လူသတ်သမားကို သေချာစုံစမ်းလာခဲ့”
အနက်ရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားက သိုင်းပညာရှင် အယောက် သုံးဆယ်ကျော်ကို အော်ဟစ်၍ အမိန့်ပေးလိုက်သည်။
သူ့စကားကိုကြားပြီးနောက် လူအယောက် သုံးဆယ်ကျော်လုံး တုန်ယင်သွားကာ အသည်းအသန် အမိန့်နာခံကြောင်း ပြော၍ ထွက်သွားလေသည်။
ထိုအခါမှသာလျင် နဂါးနက်၏ နတ်ဘုရား နှလုံးသားထဲမှ ဒေါသသည် တဖြည်းဖြည်း ငြိမ်သက်သွားသည်။
“ကျာလေး သေသွားတဲ့သတင်းက အဲ့ပုဂ္ဂိုလ်ဆီ ရောက်သွားမယ်ထင်တယ်”
“မဟုတ်လို့ကတော့ အဲ့ပုဂ္ဂိုလ် ရောက်လာရင် နဂါးနက်တောင် ဂြိုဟ်နယ်မြေတစ်ခုလုံး ရှင်းလင်းခံရလိမ့်မယ်”
ထိုသို့တွေးပြီးနောက် နဂါးနက်သည် နဂါး သင်္ကေတတစ်ခုကို တရိုတသေ ထုတ်ယူ၍ ဖိချေလိုက်သည်။
ဂျွတ်!
မှော်စာလုံး ကျိုးပျက်သွားပြီး ခပ်ဖျော့ဖျော့ အလင်းတန်းတစ်ခုက နန်းတော်တွင်း၌ ဖြတ်သန်းသွားသည်။ ထိုအလင်းတန်း၏ နောက်ကွယ်၌ ဂြိုဟ်များ၌ ရစ်ဝဲနေသော ဧရာမ ရှေးဟောင်းနဂါးတစ်ကောင် ရှိနေသည်။
ထိုနဂါးသည် အလွန် ကြီးမား၍ ၎င်း၏ အကြေးခွံတစ်ခုချင်းစီက ဂြိုဟ်တစ်လုံးနှင့် နှိုင်းယှဉ်၍ ရနေသည်။
ထိုသွေးပျက်ဖွယ်ကောင်းသော ဖိနှိပ်နိုင်မှုသည် အလင်းတန်းထဲမှနေ၍ ဖြာထွက်နေ၏။
ထိုပုဂ္ဂိုလ်ဆိုသည်က လူသား မဟုတ်ဘဲ နဂါးတစ်ကောင်သာ ဖြစ်နေမည်ဟု မည်သူမျှ ထင်ထားမိကြမည် မဟုတ်ပါ။
ထိုသည်သာ မကသေးချေ။ အကယ်၍ ယဲ့ဖန်သာ ဤကြမ်းကြုတ်သော ဧရာမ ရှေးဟောင်း နဂါးကို မြင်ပါက သူ ထိတ်လန့်သွားလောက်သည်။
အဘယ်ကြောင့်ဆိုသော် ထိုနဂါး၏ ဦးခေါင်းသည် နတ်ဆိုးနဂါး၏ ဦးခေါင်းနှင့် ဆင်တူနေကာ အေးစက်၍ မကောင်းဆိုးဝါးဆန်လှသည်။

ငရဲမှလာသောသူ (Chapter 401 to 600)Where stories live. Discover now